Pages

23 October 2011

ပခုက္ကူ ရေကြီးမှု နောက်ဆက် တွဲ


ချောင်းရေကြောင့် ၃ပိုင်းကျိုးသွားသော ရွှေချောင်းတံတား (Photo - Eleven Media Group)


ပခုက္ကူမှာ ရေကြီးလို့ သေဆုံးသူတွေကို ဆယ်ယူနေတာမှာ ဒီနေ့မနက်ပိုင်းမှာ ၈၃ လောင်း ဆယ်ယူရရှိပြီလို့ သိရပါတယ်။ တချို့ရုပ်အလောင်းတွေဟာ သဲတွေထဲ မြုပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပြပါတယ်။ ပျောက်ဆုံးနေတဲ့သူ ၁၀၀ ကျော်ရှိနေသေးလို့ သေဆုံးသူအရေအတွက် များလာနိုင်တယ်လို့ ဆိုပါတယ်။ ရေနဲ့မျောပါသွားတဲ့ အိမ်တွေအများစုဟာ ကျူးကျော်ရပ်ကွက်က အိမ်တွေဖြစ်နေလို့ အိမ်ထောင်စု ဘယ်နှခုလဲ၊ ဘယ်နှယောက် မျောပါသွားလည်းဆိုတာ အတိအကျသိဖို့ ခက်နေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပြပါတယ်။


စစ်ကိုင်းတိုင်း အထက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြစ်သာမြစ်နဲ့ နေရဉ္စရမြစ်ရေတက်လို့ ကလေးမြို့၊ ကလေးဝ၊ ဂန့်ဂေါမြို့တွေမှာ ရေလျှံပြီး လူနေအိမ်ခြေတွေ ရေမြုပ်ပျက်စီးကုန်လို့ ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။ အဲ့ဒီဒေသတွေက ရွာ ၈ ရွာကျော် ရေမြုပ်တယ်လို့ သိရပါတယ်။ လူအသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။

မြို့တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းတွေ၊ ရထားလမ်းတွေ ရေမြုပ်ပြီး တောင်ပေါ်လမ်းတွေ ပြိုသလို မြစ်သာ မြစ်ကူးတံတားလည်း ရေကျော်လို့ တခြားပြည်နယ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်သွားသလို ကလေးမြို့ကနေ တမူးမြို့ကို ဆက်သွယ်တဲ့လမ်းလည်း ရေမြုပ်တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်နေတယ်လို့ သိရပါတယ်။

ကလေးမြို့မှာတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ ရေနည်းနည်းချင်း ပြန်ကျနေပြီဖြစ်လို့ သိပ်မကြာခင်မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ပွင့်လာနိုင်မယ်လို့ သိရပါတယ်။
source: Irrawaddy Blog

No comments:

Post a Comment