မြန်မာနိုင်ငံတွင် ကျင်းပသော အိန္ဒိယ၏ အကြီးဆုံး ကုန်စည်ပြပွဲ တစ်ရပ် ကို အိန္ဒိယနိုင်ငံ၏ နာမည်ကျော် ကုမ္ပဏီ များပါဝင်လျက် Enterprise India အမည်ဖြင့် နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့တော်ရှိ တပ်မတော် ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးထံမှ သိရသည်။ ယင်းပြပွဲသို့ TATA Group, Jaguar, Exim Bank တို့ကဲ့သို့ နာမည်ကျော် လုပ်ငန်းများ အပါအဝင် လုပ်ငန်း ၆၀ ကျော်က လာရောက်ပြသ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ အထည်အလိပ်နှင့် လက်မှုပစ္စည်း၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ် အစရှိသည့် လုပ်ငန်း ကဏ္ဍနယ်ပယ် အသီးသီးမှ ပြသမည်ဖြစ်ပြီး ပြပွဲရက်များတွင် အစားအသောက် ပွဲတော်ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲနှင့် ပတ်သက်သည့် အောက်တိုဘာလ ၂၀ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါပြပွဲကို ပူးပေါင်းကျင်းပသောအဖွဲ့ CII ၏ Deputy Director ဖြစ်သူ Mr. Sumit Chakraborty ကရှင်းလင်းပြောဆိုသည်။
အဆိုပါပြပွဲကို အိန္ဒိယအစိုးရ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန၊ အိန္ဒိယ စက်မှုမဟာ မိတ်အဖွဲ့ (CII) ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးတို့က မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့နှင့်အတူ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာ နိုင်ငံကြား ကုန်သွယ်မှုကို ၂၀၁၀-၁၁ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိရာမှ ၂၀၁၅ တွင် နှစ်ဆတိုးမြှင့်ရန် သဘောတူရည်မှန်းထားပြီး ယခုကုန်စည်ပြပွဲမှာ မြန်မာအစိုးရသစ်၏ နိုင်ငံတော် သမ္မတကြီး အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ပြီး မကြာမီကျင်းပရန် စီစဉ်လာခြင်းဖြစ်သည်။ ပြပွဲ၏ ရည်ရွယ်ချက်များတွင် အိန္ဒိယက မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်လည်း တစ်ခု အပါအဝင်ဖြစ်သည်။
source: Yoyarlay

No comments:
Post a Comment