ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိကမြစ်တွေဖြစ်တဲ့ Padma, Jamuna နဲ့ Meghna မြစ်တွေဟာ နှစ်စဉ်လိုလို ရေကြီးမှုဖြစ်လေ့ရှိပြီး ကျေးရွာတွေရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးလုပ်ငန်းတွေ ပျက်စီးတာတွေအပြင် လူနေအိမ်ခြေတွေပါ ပျက်စီးဆုံးရှုံးရတဲ့အတွက် ဘယ်လိုမှ ရပ်တည်လို့မရတဲ့အဆုံးမှာ ရွာသားတွေဟာ စက်မှုလုပ်ငန်းတွေရှိရာ မြို့ကြီးတွေဆီကို ပြောင်းရွေ့ အခြေချလာကြတာ ဖြစ်ပါတယ်။
တချို့လူငယ်တွေကတော့ နိုင်ငံခြားတိုင်းပြည်တွေကို ရရာအလုပ်လုပ်ဖို့ စွန့်စားထွက်ခွာသွားကြပြီး အာရှတိုက်ထဲက ချမ်းသာတဲ့နိုင်ငံအများစုမှာ အောက်ခြေသိမ်းအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေရပါတယ်။ အဲဒါကြောင့် အာရှတိုက်ရဲ့ အောက်ခြေသိမ်း ရွှေ့ပြောင်း အလုပ်သမား တွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။
ဒီလိုမျိုး နိုင်ငံခြားကို တရားဝင်အလုပ်လုပ်ဖို့ အေးဂျင့်ခတွေ နင့်နေအောင်ပေးပြီး ထွက်သွားတဲ့ လူတွေရှိသလို အေးဂျင့်ခမတတ်နိုင်လို့ သက်စွန့်ဆံဖျား ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ကူးပြီး နိုင်ငံခြားကို ထွက်ကြတဲ့လူတွေလည်း တပုံတခေါင်းပါပဲ။ အဲဒီလိုမစွန့်စားရဲတဲ့ လူတွေကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့အိမ်နီးချင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် သုံးလေးငါးခု လောက်ကတည်းက ပြောင်းရွေ့အခြေချနေထိုင်နေကြတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေ သင်္ဂဟတွေဆီကို ရေကြည်ရာမြက်နုရာ ပြောင်းရွေ့အခြေချနေကြပါတယ်။
ဒါပေမယ့် အဲဒီလို နယ်စပ်ဖြတ်ကျော် ပြောင်းရွေ့အခြေချတဲ့လူတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတွေကနေ မကြာခဏ ဖမ်းဆီးနှင်ထုတ်တာမျိုးတွေ၊ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တာမျိုးတွေကို မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။၂၀၀၇ ခုနှစ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Sidr နဲ့ ၂၀၀၉ ခုနှစ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Aila နောက်ပိုင်းမှာ တောင်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ရပ်တည်မှုဟာ တော်တော်ကြီးကို ဆိုးရွားခက်ထန်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပြီး နိုင်ငံရပ်ခြားကို ပင်လယ်ဖြတ်ပြီး သက်စွန့်ဆံဖျား ပြောင်းရွေ့အခြေချသူဦးရေ သိသိသာသာ တိုးတက်များပြားလာခဲ့ပါတယ်။
ကမ္ဘာပေါ်က သဘာဝ ကပ်ဘေးဒုက္ခခံစားနေရတဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တနေ့တခြား တိုးတက်များပြားလာနေတဲ့ လူဦးရေနဲ့ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုနှုန်း နှေးကွေးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မှု မရှိတဲ့အပြင် သူ့ရဲ့တည်နေရာ ပထ၀ီ အနေအထားကြောင့် နောက်လာမယ့် ဆယ်စုနှစ် အနည်းငယ်ကာလမှာ ဒီထက်ပိုမိုဆိုးရွားတဲ့ ဘေးဒုက္ခတွေကြုံတွေ့လာနိုင်တဲ့ အနေအထားကို ဦးတည်နေပြီဖြစ်ပါတယ်။
ကမ္ဘာ့အဆိုးဝါးဆုံးစံချိန်တင်ရေကြီးမှုကို ၁၉၉၈ ခုနှစ်မှာကြုံတွေ့ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပြည်သူတွေဟာ နောက်ဆက်တွဲသဘာဝကပ်ဘေးတွေကြောင့် ခုချိန်ထိ နလံ မထူနိုင်ကြသေးပါဘူး။ ဗြဟ္မပုတ္တရမြစ်နဲ့ တခြားမြစ်နှစ်စင်းကို မှီခိုနေကြတဲ့ ဒေသခံတွေဟာ ဒီရေကြီးမှုကြောင့် ကီလိုမီတာ ၉၇၀၀ ရှည်လျှားတဲ့ လမ်းတွေဖျက်ဆီးခံလိုက်ရပြီး အိမ်ခြေပေါင်း သုံးသိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ၂၇၀၀ ကီလိုမီတာ ရှည်လျှားတဲ့ မြစ်ကမ်းဘေးတလျှောက် လူတစ်ထောင်ကျော်သေဆုံးပြီး လူသန်း ၃၀ လောက်ဟာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်သွားခဲ့ရပါတယ်။
၁၉၉၁ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းလေးသောင်းကျော်ထိ သေဆုံးခဲ့ရပြီး နှစ်စဉ်နှစ်တိုင်း ဆိုင်ကလုန်း ၀င်ရောက်တိုက်ခတ်မှုကြောင့် လူအမြောက်အမြား ထပ်မံသေဆုံးပြီး ထောင်ပေါင်းများစွာသော ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဘ၀ကိုရောက်ရှိနေရပါတယ်။
ဒီအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝကပ်ဘေးဒုက္ခသည် အများဆုံးနိုင်ငံတစ်ခု အဖြစ်သတ်မှတ်ခြင်း ခံထားရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းအပြင် ပင်လယ်ကမ်းစပ် အနီးတ၀ိုက်ဒေသတွေမှာ မကြာခဏဆိုသလို လေဆင်နှာမောင်းတွေ ၀င်ရောက်တိုက်ခတ်လို့ လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
လူဦးရေ ထူထပ်များပြားလာမှုနဲ့ သဘာဝသယံဇာတ နည်းပါးမှုကြောင့် ပြည်သူအများစုဟာ နေ့စဉ်လောင်စာသုံးစွဲမှုအဖြစ် သစ်တောတွေကို အားကိုးအားထား ပြုနေရတဲ့အချက်ကလည်း သစ်တောပြုန်းတီးမှုတွေကို ဆက်တိုက်ဖြစ်ပေါ်စေပြီး ရာသီဥတုဖောက်ပြန်မှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။
မြစ်ကမ်းဘေးက စက်မှုလုပ်ငန်းတွေကြောင့် ပြည်သူတွေမှီခိုအားထားနေရတဲ့ မြစ်တွေမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အာဆင်းနစ်အဆိပ်ဓာတ်တွေ တစတစ တိုးတက်လာတဲ့အချက်ဟာလည်း ဒေသတွင်း ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေပြီးတော့ ကင်ဆာဖြစ်ပွားမှုနဲ့ ရေနဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် လူသေဆုံးမှုနှုန်းထားကို မြင့်တက်လာစေပါတယ်။
အဆိုးဝါးဆုံးအခြေအနေတွေကို ဦးတည်စေတဲ့ အချက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုန်းမြေအများစုဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့်ပေ ၃၉.၄ပေ ( ၁၂မီတာ) ထက်ပိုမိုနည်းပါးပြီးတော့ ပင်လယ်ရေမျက်နှာပြင် ၁ မီတာ(၃.၂၈ပေ) တက်လာတိုင်း အဲဒီကုန်းမြေပမာဏ စုစုပေါင်းရဲ့ ဆယ်ရာခိုင်နှုန်းဟာ ရေလွှမ်းမိုးခံရမယ့် အနေအထားမှာရှိနေပါတယ်။
သစ်တောပြုန်းတီးမှုတွေကြောင့် ဒေသတွင်း အပူချိန် နှစ်စဉ်တိုးတက်လာပြီး ဒီလိုမျိုးသာ ဆက်လက် တိုးတက်နေမယ်ဆိုရင် လာမယ့် ၂၀၇၅ ခုနှစ်မှာ မိုးရေချိန် ၅၈၈.၆၅ မီလီမီတာရှိတဲ့ မိုးကြီး မျိုးရွာသွန်းနိုင်ပြီး ဧရာမ ရေကြီးမှုတွေနဲ့အတူ ပင်လယ်ရေမျက်နှာပြင်ဟာ ၄ မီတာကနေ ၇.၈ မီတာအထိ မြင့်တက်လာနိုင်ပြီးတော့ ဒေသတွင်းက ရေချိုမြစ်တွေဆီကို ပင်လယ်ဆားငံရေများ ၀င်ရောက်ကာ သောက်သုံးရေရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယထူပြောမှုတွေကြောင့် လူပေါင်း ၆ သန်းကနေ ၈ သန်းအထိဟာ ကပ်ဒုက္ခဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမယ့် အလားအလာတွေ ရှိနေပါတယ်။
သာဓကတစ်ခုအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကျော် လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံအကြား သူပိုင်ကိုယ်ပိုင်အငြင်းပွားနေတဲ့ Sunderbans က New Morre ကျွန်းဟာ ခုချိန်မှာ ဘယ်နိုင်ငံကပိုင်ဆိုင်တယ်ဆိုတာ မဆုံးဖြတ်ရသေးခင်မှာ ပင်လယ်ရေအောက်မှာ နစ်မြှုပ်ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။
ကလကတ္တားမြို့၊ Jadavpur University ရဲ့ သမုဒ္ဓရာဗေဒ သုတေသီ ပါမောက္ခ Sugata Hazra ကပြောသွားတာပါ။
သက္ကရာဇ် ၂၀၀၀ ခုနှစ်ထိတိုင်အောင် ပင်လယ်ရေမျက်နှာပြင်ဟာ ၃ မီလီမီတာလောက်ပဲ မြင့်တက်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တာ ကာလအတွင်းမှာ ၅ မီလီမီတာအထိ နှစ်စဉ် မြင့်တက်လာနေပါတယ်။ New Morre Island လိုပဲ Ghoramara island ရဲ့တစ်ဝက်လောက်ဟာ ပင်လယ်ရေအောက် ရောက်ရှိနေပြီဖြစ်ပြီးတော့ နောက်ထပ်ကျွန်းငယ်ပေါင်း ဆယ်ခုခန့်ဟာလည်း မကြာခင် ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားမယ့် အလားအလာမျိုး ကြုံတွေ့နေရပြီဖြစ်ပါတယ်။ သူကခုလိုဆက်ပြောသွားပါတယ်။
"မကြာခင် ဒီကျွန်းတွေ ပင်လယ်ရေအောက်ကို ရောက်ရှိသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ဒီဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံအမြောက်အမြားကို နေရာရွေ့ပြောင်းပေးဖို့ စီစဉ်ရတော့မှာဖြစ်ပါတယ်"
ကမ္ဘာ့ ရာသီဥတုဖောက်ပြန်မှုကို အဓိကရင်ဆိုင်ရမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသရဲ့ ၁၈ ရာခိုင်နှုန်းခန့်ဟာ လာမယ့် သက္ကရာဇ် ၂၀၅၀ ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင် ၁ မီတာလောက် မြင့်တက်လာရင် ပင်လယ်ရေအောက်ကို ရောက်ရှိသွားမယ့် အခြေအနေမျိုးကို ဦးတည်နေပြီး ဒီဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံလူဦးရေ သန်း၂၀ကျော်ကို နေရာရွေ့ပြောင်း ပေးရလိမ့်မယ်လို့ ပညာရှင်တွေက ဟောကိန်း ထုတ်ထားပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် လယ်ယာမြေနဲ့ ကျေးရွာတွေ အမြောက်အမြား ပျက်စီးပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းဒေသမှာ မြေယာပိုင်ဆိုင်မှုအတွက် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မူဆလင်ဘာသာကိုးကွယ်သူ ၉၇ ရာခိုင်နှုန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူများစုမူ ဆလင်ဘာသာဝင်တွေနဲ့ လူနည်းစုတွေဖြစ်ကြတဲ့ ဟိန္ဒူဘာသာဝင် ၉.၂ ရာခိုင်နှုန်း၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၀.၇ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာဝင် ၀.၃ ရာခိုင်နှုန်း အကြားမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေဟာ သမိုင်းနဲ့ချီပြီး တည်ရှိနေခဲ့ပါတယ်။
မျက်မှောက်ခေတ် တောင်ပိုင်းဒေသအတွင်း နှစ်စဉ်မုန်တိုင်း ၀င်ရောက်မှု၊ ရေကြီးမှုတွေကြောင့် လယ်ယာမြေတွေကို လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ လူများစု မူဆလင်ဘာသာဝင်တွေနဲ့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ရခိုင်မျိုးနွယ် ဗုဒ္ဓဘာသာဝင် လူနည်းစုတွေကြားမှာ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးမှုများနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများစွာ ဖြစ်ပေါ်လျှက်ရှိပြီး ဒေသအာဏာပိုင်အချို့ ကိုယ်တိုင် လူများစုမူ ဆလင်ဘာသာဝင်များဖက်မှ ရပ်တည်ကာ ဘာသာခြားများပိုင်ဆိုင်တဲ့ မြေယာ အိုးအိမ်များကို အတင်းအဓမ္မ သိမ်းယူတာမျိုးတွေ ပေါ်ပေါက်လျှက်ရှိနေပါတယ်။
ဒီအခြေအနေတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုတွေ ထူပြောနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တရားဥပဒေစနစ်ကလည်း ဘာသာခြား လူနည်းစုများကို အကာအကွယ် ပေးနိုင်ခြင်းမရှိပါဘူး။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ် ၁၉၄၇ ခုနှစ်ကာလတုန်းက စစ်တကောင်း တောင်တန်းဒေသမှာ ဗုဒ္ဓဘာသာဦးရေ ၉၇ ရာခိုင်နှုန်းကျော်ရှိပြီးတော့ မူဆလင်ဦးရေ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာပါ။ ခုမျက်မှောက်ခေတ် ကာလမှာတော့ ဒီအနေအထားဟာ ပြောင်းပြန်ဖြစ်ပြီဖြစ်ပါတယ်။
ဒီလိုမျိုး အဖက်ဖက်က ဆိုးဝါးလာတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများနည်းတူ စစ်တကောင်းတောင်တန်းမှာ နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် သက်၊ ရခိုင်၊ မရမ္မာလူမျိုး အချို့ဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံအတွင်းကို ပြောင်းရွေ့အခြေချလာခဲ့ကြပါတယ်။ ဒါပေမယ့် ဘင်္ဂလား-မြန်မာနယ်စပ် ဘူးသီးတောင်-မောင်တောဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးငါးခြောက်ဆယ်ခန့် ကတည်းက ကြိုပြီးအခြေချနေထိုင်နေကြတဲ့ မူဆလင်ဘာသာဝင်တွေ ရှိနေတာကြောင့် စစ်တကောင်းမှာလိုပဲ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။
လာမယ့်ဆယ်စုနှစ် အနည်းငယ် ကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကနေ အိမ်နီးချင်းနိုင်ငံများနဲ့ တခြားတိုင်းပြည်တွေဆီကို ပြောင်းရွေ့အခြေချမှုတွေဟာ အဆပေါင်းများစွာ မြင့်တက်လာဖွယ်ရှိနေပါတယ်။ အထူးသဖြင့် မြေလွတ်မြေရိုင်းပေါများပြီး လူနေ မထူထပ်တဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းမြှောင်ဒေသဟာ ဘင်္ဂလားဒေ့ရှ် ကပ်ဘေးဒုက္ခသည်များ အလုံးအရင်းနဲ့ အများဆုံးဝင်ရောက်ခိုလှုံ အခြေချရာနေရာ ဖြစ်လာနိုင်ခြေရှိနေပါတယ်။
ရာသီဥတုမျှတပြီး ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက် ဒီလိုမျိုးပြောင်းရွေ့အခြေချသူတွေ အများအပြား ၀င်ရောက်လာရင် ရှိရင်းစွဲ ရိုဟင်ဂျာပြဿနာနဲ့အတူ ဒေသခံတွေနဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်လာနိုင်ပြီး အင်အားကြီးနိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ၊ ၀င်ရောက်စွက်ဖက်မှုတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အနေနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ခုချိန်ကတည်းက စနစ်တကျ၊ ခိုင်ခိုင်မာမာ မကိုင်တွယ်နိုင်ဘူးဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသဟာ အဲဒီအချိန်မှာ ရိုဟင်ဂျာ ခေါင်းစဉ်အောက်မှာ ကမ္ဘာ့လူကုန်ကူးမှု အများဆုံးဒေသ အဖြစ် ရောက်ရှိသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် လှေစီးထွက်ပြေး လာရပါတယ်ဆိုတဲ့ ပင်လယ်ဖြတ် လူမှောင်ခိုဂိုဏ်းတွေရဲ့ ဆောင်ပုဒ်နဲ့အတူ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အရှက်ရဖွယ် အခြေအနေများစွာကို ရင်ဆိုင်လာရမှာဖြစ်ပါတယ်။
ဒေသခံတွေနဲ့ အလုံးအရင်းဝင်ရောက်လာတဲ့ တရားမ၀င် အခြေချသူတွေကြားက ပဋိပက္ခများစွာဟာလည်း ဒီဒေသကို လက်ရှိ ထိုင်းနိုင်ငံတောင်ပိုင်းလိုမျိုး တည်ငြိမ်မှု ကင်းမဲ့တဲ့အနေအထားကို ကျရောက်သွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အနေနဲ့ ခုချိန်ကတည်းက အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားသင့်ပြီဆိုတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေ။
မြတ်သိန်းထွန်း
source:Maukkha

No comments:
Post a Comment