မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းကျသော
ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ခြင်းအတွက် မြန်မာ နိုင်ငံ၏
သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့၏ ထူးခြား ပြောင်မြောက်သော
ကြိုးပမ်းဆောင်ရွက်မှုများကို ဂျီ-၈ ခေါင်းဆောင်များက
ချီးကျူးပြောဆိုလိုက်ကြောင်း သိရသည်။
ယင်းအပြုသဘောဆောင်သော
မှတ်ချက်များမှာ မြန်မာနိုင်ငံတွင် အခြေခံကျသော နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားပေးထောက်ခံရန်အလို့ငှာ
အမေရိကန်နိုင်ငံက ပိတ်ဆို့တားဆီးမှုများကို ဖြေလျှော့ပေးခဲ့ပြီး
ရက်အနည်းငယ်အကြာမှာပင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရေရှည်တည်တံ့ပြီး
နောက် ပြန်မလှည့်သော ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရန် လိုအပ်သည်ကို
အသိအမှတ်ပြုကြောင်း၊ လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း
ထောက်ခံပါကြောင်း အထူးသဖြင့် တိုင်းရင်းသားဒေသများတွင်
ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အမျိုးသားပြန်လည်စည်းလုံးညီ ညွတ်ရေးနှင့်
ဒီမိုကရေစီအခြေ ခိုင်မာရေးကြိုးပမ်းမှုများကို ထောက်ခံပါကြောင်း ဂျီ-၈
ခေါင်းဆောင်များက အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အနီးတွင် ပြုလုပ်ခဲ့သည့်
ထိပ်သီးဆွေးနွေးပွဲအပြီးပူးတွဲကြေညာချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်ရေး
ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံများ၊ အဖွဲ့အ စည်းများ ကြားတွင်လည်း
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင် ရေး လိုအပ်ကြောင်းကိုလည်း အ
လေးအနက်ထားကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှာလည်း
မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းရန် လိုအပ်ကြောင်း ဂျီ-၈
ခေါင်းဆောင်များက ထပ်လောင်းပြောကြားသည်။
ဂျီ-၈ အစည်းအဝေးများ
ကျင်းပနေရာ အမေရိကန်သမ္မတ နွေရာသီအပန်းဖြေစခန်း Camp David ၌
စောစောပိုင်းတွင် ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံများအား ကိုယ်စားပြု
စကားပြောကြားရာ တွင်လည်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက “မြန်မာနိုင်ငံမှာ
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မယ်လို့ ကျွန်တော်တို့
မျှော်လင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို အားပေးကူညီဖို့အတွက်လည်း ကျွန်တော်တို့
လုပ်နိုင်တာ မှန်သမျှလုပ်ဆောင်ပေးသွားပါမယ်”ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတအိုဘားမားသည်
မေလ ၁၇ ရက်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတားဆီးပိတ်ဆို့
ထားခြင်းများကို လျှော့ပေါ့ပေးခဲ့ပြီး ၂၂ နှစ်အတွင်း မြန် မာနိုင်ငံအတွက်
ပထမဦးဆုံး အမေရိကန်သံအမတ်တစ်ဦးကို ခန့်အပ်ခဲ့သည်။
ယခုအခါတွင်
အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်
လာရောက်လုပ်ကိုင်နိုင်ပြီဖြစ်သော်လည်း စစ်ဘက်နှင့်
ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများကိုမူ အမေရိကန်အစိုးရက
ဆက်လက်ကန့်သတ်ထားသည်။
source:Myanmar News Now

No comments:
Post a Comment