18 December 2012

ကင်ညာနိုင်ငံတွင် ကလေးများကို Kindle တက်ဘလက်များဖြင့် စာသင်ကြားရခြင်းအား အကြိုက်တွေ့


ကင်ညာနိုင်ငံတွင် Kilgoris ပရောဂျက်ဖြင့် ကလေးများကို Kindle တက်ဘလက်များ ထုတ်ပေးလျက်ရှိရာ ကလေးငယ်များသည် ထို အီးဘွတ် တက်ဘလက်များဖြင့် စာသင်ကြားရခြင်းအား အကြိုက်တွေ့နေကြကြောင်း သတင်းရရှိသည်။
ကင်ညာ အနောက်တောင်ပိုင်းပြည်နယ်များရှိ ကျောင်းများတွင် ကျောင်းသားအများစုသည် ဖတ်စာအုပ် မရှိကြ ကြောင်း၊ စာအုပ်မ၀ယ်နိုင်ခြင်း၊ စာအုပ်များ သယ်ယူပို့ဆောင်နိုင်ရေး ခက်ခဲ့သည့် ပြဿနာများကြောင့် ကျောင်းသားများ ဖတ်စာအုပ်ရရှိရေးသည် အလွန်ခက်ခဲသည့် ကိစ္စတစ်ရပ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် အီးဘွတ် ခေါ် တက်ဘလက်များဖြင့် ထိုပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းခဲ့သည်ဟုဆိုသည်။
ကင်ညာ အနောက်တောင်ပိုင်း၊ ကီဂေါရိစ်ပြည်နယ်၊ မာဆိုင်းကျေးရွာ မူလတန်းကျောင်းတွင် အလှူရှင်များမှထောက်ပံ့သော အီးဘွတ် တက်ဘလက်များဖြင့် အစားထိုးကာ ပညာရေးဖွံ့ဖြိုး တိုးတက်အောင် ကြံဆောင်နေကြကြောင်း၊ ထို တက်ဘလက်များဖြင့် အင်တာနက်ကို အသုံးပြုကာ ပြဋ္ဌာန်းဖတ်စာအုပ်များကို အင်္ဂလိပ်လိုရော ကီစ၀ါဟီလီဘာသာဖြင့်ပါ ရနိုင်ကြောင်း၊ ထို့ပြင် မူလတန်းကလေးများအတွက် ပုံပြင်များကိုပါ ဖတ်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။ ထိုတက်ဘလက်များကို အားပြန်ဖြည့်သုံးရန်အတွက်လည်း ကျောင်းများသို့ နေရောင်ခြည်အားသုံး လျှပ်စစ်မီးစက်များပါ လှူဒါန်းထားသဖြင့် ကင်ညာကလေးများသည် အီးဘွတ်အရသာကိုတွေ့ကာ သင်ယူလေ့လာမှုများ ပိုအားကောင်းလာသည်သည်ဟုဆိုသည်။

source: Maukkha

ခေတ်မီခြင်းမရှိတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်းအား ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ခေတ်မီခြင်းမရှိတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်းစီမံကိန်းအား ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာန၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။
ယင်းစီမံကိန်းနှင့် ဆက်စပ်ပြီး ၂၀၁၂ ခုနှစ် ဧပြီက ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးပေးမည့် မြန်မာ့မီးရထား စီမံကိန်းတွင် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းနှင့် ရန်ကုန်-နေပြည်တော် စီမံကိန်းတို့ ပါဝင်ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာနမှ သိရသည်။
                                  ရန်ကုန်မြို့ပတ် ရထားလမ်းဘုတာရုံတစ်နေရာ
ရန်ကုန်မြို့ပတ်လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လေ့လာမှုများနှင့် အစားထိုးစမ်း သပ်မှုများအား လနှစ်ဆယ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး လေ့လာမှုများနှင့် ရထားစက်ခေါင်းများ အစားထိုး ပြေးဆွဲမှုကာလများ ပြီးဆုံးသွားပါက ရန်ကုန်မြို့ပတ်ရထားလမ်းအား လမ်းအပိုင်းလိုက် ပြုပြင်မှုများ၊ ရထားများ ပြုပြင်အစားထိုးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ့မီးရထားဝန်ကြီးဌာန၏ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ''ဂျပန်နိုင်ငံအနေနဲ့ နည်းပညာပိုင်းနဲ့ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေကို ထုတ်ပေးသွားမှာပါ။ နောက်ပြီး လာမယ့် နှစ် ဇန်န၀ါရီမှာ ဂျပန်နိုင်ငံက အကောင်အထည်ဖော်သွားမယ့် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းကို သူတို့အနေနဲ့ ဒီမှာရှိတဲ့ လမ်းအနေအထားတွေကို စနစ်တကျ လေ့လာတိုင်းတာပြီးမှ မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်မယ့် စက်ခေါင်းတွဲတွေ ပြုလုပ်ပေးသွားမှာပါ။ နောက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ ရထားလမ်းပိုင်းတွေမှာ မြို့ပတ်ရထားအစီးရေ ထပ်မံတိုးချဲ့ဖို့အတွက် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဂျပန်နိုင်ငံက ခေတ်မမီတော့တဲ့ ရန်ကုန် မြို့ပတ်ရထားလမ်းကို ပုံစံများပြောင်းလဲ ပြုလုပ်သွားမှာ ပါ။ ကျွန်တော်တို့အနေနဲ့က ဂျပန်နိုင်ငံက အတိုးနှုန်းသက်သာတဲ့ ချေးငွေယူပြီးတော့ ကျန်ရှိနေတဲ့ ရထားလမ်းပိုင်းတွေကို ဆက်လက် လုပ်ကိုင်သွားဖို့ရှိပါတယ်''ဟု ပြောသည်။
ရန်ကုန် မြို့ပတ်ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်ရာတွင်ဲJICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)မှ အကူအညီပေးသွားရန် ရှိကြောင်းလည်း သိရသည်။

source:  Eleven Media