14 January 2012

နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ

နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ဆို့ထားတာကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအတော်များများကို မြန်မာအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့အပြုသဘောဆောင်တုံ့ပြန်မှုတွေထဲက နောက်ဆုံး  တစ်ခုလည်း ဖြစ်ပါတယ်။
ဇန်န၀ါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လွှတ်ပေးလိုက်တာ အပါအ၀င် လွန်ခဲ့တဲ ၂ လလောက်အတွင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ ပြောင်းလဲမှုတချို့ကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖရော်ဒါ အန်ဒါဆန် (Frode Andersen) က ပြောပါတယ်။
“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမလုပ်ဖို့၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကန့်သတ် ထားတာတွေကို ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကျနော်တို့ တိုက်တွန်းခြင်း မလုပ်တော့ပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံဟာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာနဲ့အညီ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ကိုတော့ ဆက်လက် ကျင့်သုံးသွားမှာပါ။”
အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးမှုတွေကတော့ အရင် စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ စစ်တပ်အရာရှိတွေနဲ့ သူတို့မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတို့အပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာနဲ့ တခြား ဘဏ္ဍာငွေကြေး၊ စစ်လက်နက်နည်းပညာ တင်ပို့ ရောင်းချမှု၊ သစ်တောထွက်ပစ္စည်း အမျိုးမျိုးနဲ့ လူထုကို ဖိနှိပ်တဲ့နေရာမှာ အသုံးပြုမယ့် ပစ္စည်းကိရိယာတွေ မတင်ပို့ရ စတာတွေ ပါဝင်ပါတယ်။
အခုလျော့ပေါ့ပေးလိုက်ပြီ ဆိုပေမဲ့ အီးယူက ဆက်ပြီး အရေးယူ ထားတာတွေနဲ့အညီ ဖြစ်ဖို့တော့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောပါတယ်။
“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ တာဝန်သိစိတ်ဓါတ်နဲ့ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်သလို လွတ်လပ်စွာ ကုန်သွယ်ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုတော့ အလေးထား လိုက်နာကြဖို့တော့ လိုပါလိမ့်မယ်။”
တဘက်မှာ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံအပေါ်ပေးနေတဲ့ လူမှု ဖွံ့ဖြိုးရေး အကူအညီတွေကို ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေကို အထောက်အကူ ပြုစေဖို့နဲ့ တခြား လူမှုရေးအရ အကူအညီ ပေးနေတဲ့ လုပ်ငန်းတွေ အထောက်အကူ ဖြစ်စေဖို့အတွက် ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ရုံး ရန်ကုန်မြို့မှာ ဖွင့်မယ်လို့ အီးယူ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်မန်း (Michael Mann) က ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။




  


source:  VOA

No comments:

Post a Comment