27 May 2012
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ရာ၌ မြန်မာနိုင်ငံအပေါ် ကြွေးမြီ ဒေါ်လာသန်း ၅၀၀ ကျော် ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ပြီး မဏိပူရပြည်နယ်၏ မြို့တော် အင်ဖာနှင့် မန္တလေးတို့ကို ချိတ်ဆက်သော ဘတ်စကားလိုင်း ထားရှိရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ်ရုံးခွဲများ ဖွင့်လှစ် ထားရှိသွားရေး ကိစ္စရပ်များကို အဆိုပြုသွားမည်ဟု The Indian Express သတင်းစာက ဖော်ပြခဲ့သည်။
၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီပြီးလျှင် မန်မိုဟန်ဆင်းသည် ပထမဆုံးလာရောက်သည့် ၀န်ကြီးချုပ်ဖြစ် သည်။ အိန္ဒိယ၀န်ကြီး ချုပ်သည် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပေးဆပ်ရမည့် ကြွေးမြီများကို ပြန်ပေးဆပ်ရန် အချိန်ကာလတိုးမြှင့်ပေးလိုက်ခြင်းဖြင့် ဖြေလျှော့ပေးခြင်း ဖြစ်သည်။
အခြား အဆိုပြုမည့်အချက်များတွင် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံအတွင်း ထမံသီနှင့် ရွှေဇာယီ ရေအားလျှပ်စစ် စီမံကိန်းများကို တည်ဆောက်ရေး၊ တမူး- ကလေးဝ- ကမ်ဗိုလမ်းပေါ်ရှိ တံတား ၇၆ စင်း အဆင့်မြှင့်ရန်နှင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရန် The Union Bank of India နှင့် Bank of India တို့၏ ကိုယ်စားလှယ် ရုံးခွဲများ ဖွင့်လှစ်သွားရန်တို့ ပါဝင်သည်။
အိန္ဒိယအစိုးရက အင်ဖာရှိရပ်ဂ်ျဘာဝန်နှင့် မန္တလေးမြို့တို့ကို တနင်္လာနေ့တိုင်းတွင် ဘတ်စကားပြေးဆွဲ သွားရန်စီစဉ်နေပြီး လမ်းကြောင်းကိုလည်း အဆိုပြုထားပြီး ဖြစ်သည်ဟု ယင်းသတင်းစာက ဖော်ပြထားသည်။ အိန္ဒိယဘက်မှလမ်းပိုင်းမှာ ရာသီတိုင်း ကားသွားလာရေး အဆင်ပြေနိုင်သော်လည်း မြန်မာဘက်မှ လမ်းပိုင်း၏သုံးပုံတစ်ပုံခန့်မှာ ခြောက်သွေ့ရာသီတွင်မှ ကားသွားလာနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွင်းရှိ မုံရွာ-ကလေးဝလမ်းပိုင်းကို အိန္ဒိယ ဘက်မှ ပြုပြင်ထိန်းသိမ်းပေးရန် စဉ်းစားနေသည်ဟု ဆိုပါသည်။
ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း သဘောတူညီမှုနှင့် နားလည်မှုစာချွန်လွှာအချို့ကို လက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်လင့်ထားကြောင်း
ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ထည့်သွင်းပြောကြားခဲ့သည်ဟု News Track India က မေလ ၂၆ ရက်နေ့ က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်နေသော ထမံသီ ရေအားလျှပ်စစ်စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတို့ ရှိထားပြီး အဆိုပါစီမံကိန်း များသည် နိုင်ငံအတွက် အကျိုးရှိနိုင်မည့် စီမံကိန်းများ ဖြစ်ရန် ပြည်သူများ ဆန္ဒရှိနေကြကြောင်း သိရှိရသည်။
source: Eleven Media
Subscribe to:
Post Comments (Atom)

No comments:
Post a Comment