20 August 2012

အပြောင်းအလဲ များနှင့် ခရီးကြမ်းနှင်မည့် ဦးသိန်းစိန် အစိုးရ


မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကို ဦးဆောင်နေသူ တစ်ဦးဖြစ်သည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၎င်း၏အစိုးရ (အုပ်ချုပ်ရေး) အဖွဲ့ကို ပိုမို အားကောင်း လာစေရေးအတွက် အပြောင်းအလဲများ များမကြာမီ ပြုလုပ်သွားရန် ရှိပြီး ယင်းအပြောင်းအလဲ နောက်သုံးနှစ်တာ လျှောက်လှမ်း ရမည့် ခရီးကြမ်းကြီးမှာ မြန်မာနိုင်ငံ၏ ဂုဏ်သရေနှင့် သမ္မတ ဦးသိန်းစိန် အစိုးရ တစ်နည်း အားဖြင့် အရပ်သား အစိုးရသစ်၏ သမိုင်း မော်ကွန်းဟုပင် ဆိုရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ၏ အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့သည့် တစ်နှစ်ခွဲ ကာလကို ပြန်ကြည့်မည် ဆိုလျှင် မတူသည် များကို ခေတ္တ ဘေးဖယ်ထားပြီး တူညီသည် များကို လက်တွဲ အလုပ်လုပ်ကြ မည်ဟု သမ္မတကြီးပြောဆိုခဲ့သည့် အတိုင်း နှစ်ပေါင်း အတန်ကြာ ဆန့်ကျင်ဘက် အသွင် ဆောင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးပြီး ယုံကြည်မှု တည်ဆောက် နိုင်ခဲ့ခြင်းမှာ စောင့်ကြည့် အကဲခတ်နေသူ အားလုံး ကို အမှန်တကယ် အပြောင်းအလဲ စပြီဟု အထင်အရှား ပြသလိုက်ခြင်း ဖြစ်သည်။
အလုပ်သမား၊ လယ်သမား၊ အိမ်ရာ အတည်တကျ မရှိသူများ၏ ဒီမိုကရေစီ စံပြု တောင်းဆိုမှုများကို ကျကျနန ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့သည့် အပြင် ကျဆင်းနေသော မြန်မာ့ စီးပွားရေးကို ပြန်လည် ဦးမော့စေမည့် ဖြေလျှော့မှုများ ကိုလည်း အတန်အသင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
ယင်းလုပ်ဆောင်မှုများ ကြောင့်ပင် သမ္မတ ဦးသိန်းစိန် အစိုးရ အပေါ် လူထုနှင့် နိုင်ငံတကာက ယခင် အစိုးရများ လက်ထက်က မရ ရှိခဲ့သည့် ထောက်ခံမှုများ၊ ယုံကြည် မျှော်လင့်ချက်များ ရရှိခဲ့သည်မှာ အထင်အရှား ဖြစ်သည်။
သို့သော် ယင်းအောင်မြင်မှုများမှာ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ရှေ့ဆက် လျှောက်ရမည့် ခရီးကြမ်းအတွက် အားဆေးမျှသာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ရှေ့တွင် လျှောက်လှမ်းရမည့် ငါးနှစ်သက်တမ်း၏ သုံးပုံနှစ်ပုံ ခရီးတွင် ဖြတ်ကျော်ခဲ့ပြီးသော တစ်နှစ်ခွဲတာ ကာလနှင့် လုံးလုံး မတူသည့် အခက်အခဲများက ရှေ့တွင် စောင့်ကြို နေခြင်းပင် ဖြစ်သည်။

ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်တွင် စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခမှာ လတ်တလော ရင်ဆိုင်နေရသည့် သိမ်မွေ့သောပြဿနာ တစ်ရပ်ဖြစ်နေသည်။နိုင်ငံတကာ မီဒီယာများ မီးမောင်း ထိုးပြနေသည်က ဘာသာရေး ပဋိပက္ခနှင့် မျိုးတုံး သတ်ဖြတ်မှု၊ လက်တွေ့ ဖြစ်နေသည်က ဒေသ တစ်ခုတွင် နေထိုင်သည့် အုပ်စုနှစ်စု၏ စာရင်း ရှင်းပွဲမျှသာ။ ယင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားပေး တောင်းဆို နေမှုများမှာ မြန်မာ နိုင်ငံသားများ လက်မခံ နိုင်သည့် အနေအထား ဖြစ်နေသည်။
ယင်းကို အစိုးရ အုပ်ချုပ်ရေး အဖွဲ့ မည်သို့ ကိုင်တွယ် မည်နည်း။ မိမိနိုင်ငံ မိမိလူမျိုးအတွက် အကောင်းဆုံး အဖြေဖြစ်ရန် လိုသကဲ့သို့ နိုင်ငံတကာက လက်ခံနိုင်သည့် ဖြေရှင်းမှု ဖြစ်ရန်လည်း လိုသည်။
ယင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နေပြည်တော်ရှိ သမ္မတ၏ လယ်တော နေအိမ်တွင် နိုင်ငံရေးပါတီ ၁၄ ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများမှာ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းရမည့် ပြဿနာ တစ်ရပ်ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားသည်။
အလားတူ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ အောင်မြင်စွာ ဖြေရှင်း ပေးရမည့် မြန်မာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော စိန်ခေါ်မှု တစ်ရပ်မှာ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးနှင့် အာဆီယံ နိုင်ငံများ နည်းတူ မြန်မာ့ စီးပွားရေး ပြန်လည် ဦးမော့ ရှင်သန် လာစေရေး ဖြစ်သည်။
ယနေ့ မြန်မာ့ စီးပွားရေး ဟန်ချက်မှာ အသွင် ကူးပြောင်းရေး ကာလ ဖြစ်သည်နှင့် အညီ မူဝါဒ အမှားပေါ်တွင် တည်မှီ နေသော လုပ်ငန်းများ ( ကားဈေးကွက်၊ ဖုန်းဈေးကွက်၊ သယံဇာတ ပြည်ပ တင်ပို့မှု၊ အစိုးရ စီမံကိန်းများ အတွက် ပါမစ် ချပေးမှု) လျော့ကျ သွားခြင်း၊ မူဝါဒ အဟောင်းနှင့် အသစ်ကြား လက်ရှိ လုပ်ငန်းများ စောင့်ကြည့်နေမှုကြောင့် ယခင်ထက် စီးပွားရေး နှောင့်နှေးနေခြင်း၊ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု အပါအ၀င် ပြည်တွင်း စီးပွားရေး လုပ်ငန်းသစ်များ ပေါ်ထွက်လာနိုင်သော ရေခံ မြေခံအဆင့် ရောက်သေးသဖြင့် လုပ်ငန်းသစ်များ ပေါ်ပေါက်မှု နည်းနေခြင်း တို့မှာ အစိုးရ အဖွဲ့က အမြန်ဆုံး ဖြေရှင်းရမည့် မြန်မာ့စီးပွားရေး ပြဿနာများ ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက “၂၀၁၄ နှစ်လယ်လောက်အထိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ အချိတ်အဆက် မိမိ လုပ်ဆောင်ဖို့ လိုပြီး အဲဒီ ကာလ လောက်မှာတော့ သူတို့ရဲ့ (အစိုးရ) လုပ်ဆောင် နိုင်စွမ်းပေါ် မူတည်ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေ ကောင်းတွေ ရှိနေမယ်။ စီးပွားရေးမှာလည်း အားလုံး တစ်ပြေးညီ ပါဝင် ယှဉ်ပြိုင်နိုင်ခွင့် ရှိလာပြီ ဆိုရင်တော့ ၂၀၁၅ နောက် ပိုင်းမှာ မြန်မာ့ စီးပွားရေးက ကဏ္ဍစုံမှာ လျင်လျင်မြန်မြန် တိုးတက် လာမယ်။ ဒါကြောင့် အစိုးရက အခုလုပ်ဆောင်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေး အောင်မြင်အောင် ဆက်လုပ်ဖို့ လိုသလို တစ်ချိန်တည်း မှာလည်း Macro စီးပွားရေးတစ်ရပ်လုံးကိုလည်း ပြုပြင် ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ ဗျူရိုကရေစီ ယန္တရား ပြုပြင် ပြောင်းလဲမှုတွေ၊ Institution တွေ၊ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်သင့်တယ်။ ဘတ်ဂျက် လိုငွေပြမှု အတတ်နိုင်ဆုံး လျော့နည်း စေဖို့ ၀န်ကြီးဌာနတွေ ချုံ့တာ၊ အမည်ပြောင်း တာတွေ ပြုလုပ်ဖို့ လိုတယ်။ ငွေကြေး တည်ငြိမ်မှု ရှိစေဖို့လည်း အတတ်နိုင်ဆုံး လုပ်ဆောင် သွားဖို့ လိုတယ်” ဟု အကြံပြု ပြောကြား သည်။
မြန်မာ့ စီးပွားရေး ပြန်လည် ဦးမော့ လာစေရန် အစိုးရ အဖွဲ့ အနေနှင့် နိုင်ငံသားတိုင်းကို ဥပဒေနှင့် အညီ စရိတ် သက်သာစွာ ရှောရှောရှူရှူ အလုပ်လုပ်ခွင့် ရစေပြီး ရှယ်ယာမပေး၊ လာဘ်မပေးဘဲ လုပ်ငန်း လိုင်စင် ရယူနိုင်ရန် စီမံ ပေးသင့်ကြောင်း၊ တယ်လီဖုန်းဈေး၊ ကားဈေးများ ဒေသတွင်း နိုင်ငံများကို ယှဉ်ပြိုင် နိုင်စေရန် စီစဉ် ပေးသင့်ကြောင်း၊ ဥပဒေ ချိုးဖောက်သူများ၊ လူမျိုးခြားများသာ လုပ်ကိုင် ခွင့်ရနေသည့် အခြေအနေကို ပြုပြင်ရန် စီးပွားရေး လုပ်ငန်း ဆိုင်ရာ ဥပဒေ အားလုံး ရှင်းလင်း လွယ်ကူအောင် ပြုလုပ် ထားသင့်ပြီး လူမျိုးခြားများနှင့် မြန်မာနိုင်ငံသား အမည်ခံ တရားမ၀င် ပြည်ပ အရင်းအနှီး များကို ကာကွယ်ရန် နိုင်ငံတွင်းရှိ ငွေကြေး အားလုံး ဘဏ်သို့ ရောက်ရှိ သွားစေမည့် စနစ် တစ်ခု ပြဋ္ဌာန်းသင့်ကြောင်း၊ ကျပ်သိန်း ၁၀၀၀ ကျော်သည့် အရင်းအနှီး အားလုံးကို ငွေကြေး ခ၀ါချမှု စစ်ဆေးသည့် ဥပဒေဖြင့် စစ်ဆေးခြင်း တစ်ခုကိုမူ မဖြစ်မနေ ပြုလုပ်သင့်ကြောင်း မြန်မာ့ နိုင်ငံရေးကို ထဲထဲဝင်ဝင် လေ့လာ သိရှိသည့် နိုင်ငံရေး သိပ္ပံပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။
ယင်းသို့ပင် မကြာမီ ရလဒ် ထွက်ပေါ်ရေး လုပ်ဆောင်ရမည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံတော် သမ္မတ၏ လမ်းပြမြေပုံ ဒုတိယ အဆင့်ဖြစ်သည့် နိုင်ငံရေး ဖြစ်စဉ်တွင် အင်အားစုများ အားလုံး ပါဝင်ရေးတို့မှာ အချိန်တို အတွင်း အောင်မြင်နိုင်ရန် ခက်ခဲသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော်လည်း အတိုင်းအတာ တစ်ခု အထိ လုပ်ဆောင်ထား ပြီးဖြစ်သည်။
သို့သော် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး၏ အရေးပါ သည့် လုပ်ငန်းစဉ်ဖြစ်သော နိုင်ငံရေး ပြဿနာများ အဖြေရှာ ညှိနှိုင်းသည့် လုပ်ငန်းစဉ်တွင် အဖြေထွက်ရန် မည်မျှ လုပ်ဆောင်နိုင်မည်ဆို သည်မှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဖြစ်စဉ်တွင် အင်အားစု များအားလုံး ပါဝင်ရေး အတွက် အလှည့်အပြောင်း ဖြစ်သည်။
ဒီမိုကရေစီ အပြောင်းအလဲ လုပ်ဆောင်နေသော သမ္မတကြီး ကြုံတွေ့ ရင်ဆိုင်ရမည့် ခရီးကြမ်းများ အနက် အစိုးရ အဖွဲ့အတွင်းရှိ ရှေးရိုးစွဲ သမားများ အရေးကလည်း အဓိက တစ်ချက်ဖြစ်သည်။ သမ္မတကြီး ရှေ့သို့ ဦးတည် သွားသည့် မူဝါဒ၊ စီမံကိန်းများနှင့် အကောင်အထည် ဖော်မှုများကို ပုဂ္ဂိုလ်ရေး၊ သြဇာ၊ အာဏာ၊ စည်းစိမ်ဥစ္စာတို့အတွက် နောက်ပြန်ဆွဲ နေသူများကို သမ္မတကြီး မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုခြင်းကလည်း ရှေ့ခရီးအတွက် အဖြေအချို့ ဖြစ်နေသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများသည် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော် သမ္မတက တိုက်ရိုက် ခန့်ထား ခံရသူများဖြစ်ရာ သမ္မတကြီးမူဝါဒနှင့် မကိုက်ညီသူများ တစ်နည်းအားဖြင့် အပြောင်းအလဲ လမ်းကြောင်း ပေါ်တွင် အခုအခံ သဖွယ် ဖြစ်နေသူများ၊ သံသယဖြင့် စောင့်ကြည့် နေသူများ၊ အစိုးရအဖွဲ့ ဂုဏ်သိက္ခာ ထိခိုက် စေသူများကို နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး အကျိုး အလို့ငှာ လက်တွဲ ဖြုတ်ပစ်ခဲ့ရန် အထူးလိုအပ်မည် ဖြစ်သည်။
ဆက်တိုက် ဆိုသလို သမ္မတကြီး ဦးဆောင်သော အစိုးရ မဖြစ်မနေ လျှောက်ရမည့် ခရီးကြမ်းမှာ ဥပဒေပြု လွှတ်တော်နှင့် အုပ်ချုပ်ရေး အကြား အပြန်အလှန် ထိန်းညှိမှု ဖြစ်သည်။ အခြေခံ ဥပဒေအရ ပြည်ထောင်စု အစိုးရ၏ အရ အသုံး မှန်းခြေ ငွေစာရင်း သည် အစိုးရ အဖွဲ့၏ မူဝါဒများကို တိုက်ရိုက် ထင်ဟပ် ပေးသည်။ ယင်းမူဝါဒများ အကောင်အထည်ဖော်ရန် ကဏ္ဍအလိုက် လျာထား သုံးစွဲငွေကို ဥပဒေပြု လွှတ်တော်၏ အတည်ပြုချက် ရယူရသည်။ လွှတ်တော်က အတည်ပြု၊ မပြု ဆိုသည်မှာ အစိုးရ အဖွဲ့အတွက် အသက်တမျှ အရေးကြီး လှသည်။
ထို့ကြောင့် ဥပဒေပြု လွှတ်တော်၏ သဘော တူညီမှုကို ပုဂ္ဂိုလ်ရေး အားပြိုင်မှုနှင့် ခံစားချက် မပါဘဲ ပြန်အလှန် နားလည်မှု ရှိရှိ ပူးပေါင်း ဆောင်ရွက်ရေးမှာ နှစ်ဖက်စလုံးတွင် ယခင်စနစ်ဟောင်း အရိပ်မည်မျှ ကင်းလွတ်မှုရှိ မရှိဆိုသည့်အပေါ်တွင် မူတည်ပေလိမ့်မည်။
သမ္မတဦးသိန်းစိန် အစိုးရ၏ လတ်တလောရင်ဆိုင်ဖြေရှင်းရမည့် အဆိုပါစိန်ခေါ်မှုများအပြင် မြန်မာနိုင်ငံ၏ ဂုဏ်သရေ၊ အစိုးရ၏ မှတ်တိုင်ဟုဆိုရမည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပွဲ အောင် မြင်စွာကျင်းပနိုင်ရေး၊ ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ရလဒ်ကောင်းများ ရရှိရန် ဆောင်ရွက်နိုင်ရေးနှင့် ၂၀၁၅ လွတ်လပ်သည့် အာဆီယံ ကုန်သွယ်ရေးတွင် ဟန်မပျက် ရပ်တည်နိုင်ရေးတို့မှာ ကျန်ရှိသော အစိုးရသက်တမ်းသုံးနှစ်ခွဲအတွက် စောင့်ကြိုနေသော စိန်ခေါ်မှု များပင်ဖြစ်ပေသည်။
Source:The Voice Weekly

No comments:

Post a Comment