3 October 2011

ပြည်နယ်တွေကို သီးခြား ခွဲထွက်ခွင့်ပြုမှာ မဟုတ်


မြန်မာနိုင်ငံမှာ ပြည်နယ်တွေကို သီးခြား ခွဲထွက်ခွင့်ပြုမှာ မဟုတ်ပေမယ့် အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား အပေးအယူ သဘောမျိုး လိုက်လျောမှုရှိတဲ့ ညှိနှိုင်းမှုတွေကို ဆောင်ရွက်နိုင်ဖို့ သမ္မတ ဦးသိန်းစိန်ကို အကြံပြုသွားမယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ အကြံပေး ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ အင်ဒိုနီးရှား နိုင်ငံကို စက်တင်ဘာ ၂၅ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့ အထိ သွားရောက်ပြီး အင်ဒိုနီးရှား နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို လေ့လာခဲ့ကြပါတယ်။ ဒီခရီးစဉ် အတွင်း လေ့လာ တွေ့ရှိချက်တွေကို မူတည်ပြီး အကြံပြုမှာ ဖြစ်ကြောင်း နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က အခုလို ပြောဆိုလိုက်တာပါ။
"Negociation ဘယ်လိုလုပ်မလဲ ဘာတွေ ပေးပြီး ဘာပြန်ယူမလဲပေါ့။ အဓိက ကတော့ သီးခြားပြည်နယ် ခွဲထွက်ဖို့ တောင်းဆိုခွင့်တော့ မရှိနိုင်ဘူးပေါ့ဗျာ။ ပြည်ထောင်စုကြီးက ပြိုကွဲသွားမှာကိုး။ သို့သော်လည်း သူ့နယ်မြေအလိုက် သူ့ရဲ့ အင်အားအလိုက် အဲဒီအပေါ်မှာတော့ ကျတော်တို့ အပေးအယူ Adjustment လေးတော့ ရှိမှာပေါ့။"
"တခြားနိုင်ငံတွေက အတွေ့အကြုံတွေယူပြီး အပြောင်းအလဲတွေ လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို လိုချင်တာပါ။ စေတနာမှန်ရင်တော့ ဖြေရှင်းလို့ ရမှာပါ။ ကျနော်တို့ကလည်း ခွဲထွက်ရေးကို ဦးတည်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ပြည်နယ်မှာ ကိုယ့်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုရော၊ ကိုယ့်အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ပေါ့နော်။ စီမံခန့်ခွဲရေးတွေတော့ ရှိဖို့ လိုပါတယ်။ တကယ့်စေတနာမှန်နဲ့ ပြေလည်ရာ ပြေလည်ကြောင်း လုပ်မယ်ဆိုရင်တော့ ကျနော်တို့လည်း အထောက်အကူ ပေးနိုင်ပါတယ်။"

No comments:

Post a Comment