16 February 2012

အင်းလေးကန် ထိန်းသိမ်းရေး နှစ်နှစ်စီမံမံကိန်း

အင်းလေးကန် ရေရှည်တည်တံ့ရေး အတွက် ထိန်းသိမ်းရေးလုပ်ငန်းများကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(ယူအင်န်ဒီပီ)ကဦးဆောင်ကာ ဒေသခံများ၊ ပြည်တွင်းအင်န်ဂျီအိုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။အဆိုပါထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် နော်ဝေနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာနှစ်သန်းခန့်ပံ့ပိုးပေးပြီးယူအင်န်ဒီပီက ဒေါ်လာ ခြောက်သိန်း ထပ်ဆောင်းကာစုစုပေါင်းအမေရိကန်ဒေါ်လာ နှစ်သန်းခြောက်သိန်းဖြင့် နှစ်နှစ်စီမံမံကိန်း (၂၀၁၂-၁၃) ချမှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။ 
                      ပုံစံပြောင်းသွားသော ရှမ်းပြည်နယ်မှ အင်းလေးကန် (Weekly Eleven Journal)
အင်းလေးကန်အတွင်း စီးဝင်သော ချောင်း ၂၉ ချောင်းရှိရာ ယခုစီမံကိန်းမှာ ကလောချောင်းနှင့် ယင်း၏ ရေဝေရေလဲ ဧရိယာထိန်း သိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
ကလောချောင်းသည် အင်းလေး ကန် အတွင်းသို့အနောက်ဘက်မှ စီးဝင်သော ချောင်းတွင်ပါဝင်ပြီး ဧရိယာစတုရန်း မိုင်၂၅၆ မိုင် ကျယ်ဝန်းကာ သစ်တော ပြုန်းတီးမှုများသောကြောင့် နှစ်စဉ် နှုန်းပို့ချမှု၊ ရေတိုက်စားမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုပိုမိုများပြားခြင်းတို့ကြောင့်ပထမဦးစားပေးအဖြစ်ထိန်းသိမ်းခြင်းဖြစ်သည်။စီမံကိန်းလုပ်ငန်းများသည်သဘာဝ ရေဝေရေလဲဒေသများကိုထိန်းသိမ်းခြင်း၊ ဒေသအစုအဖွဲ့ပိုင်သစ်တောနှင့်သီးနှံရောနှောတော ပြန်လည်ထူထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီ သောစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကောင်း ရေသန့် ရရှိရေး၊ သုတေသနနှင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အင်းလေး ကန်ထိန်းသိမ်းရေး လုပ်ငန်းများဆိုင်ရာ ဒေသအဆင့်၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း တို့ကို ဆောင်ရွက်ရန်လျာထားကြောင်း

သိရသည်။ ယူအင်န်ဒီပီသည် စီမံကိန်း မစတင်မီ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ခါကနဦးစာရင်းကောက်ယူရေးအဖွဲ့အား စေလွှတ်ကာ ဒေသနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များနှင့် ဒေသခံပြည်သူတို့၏ သဘောထားကို ကောက်ယူလျက်ရှိသည်။
လေ့လာရေးအဖွဲ့မှ ရရှိလာသော အချက်အလက်များကို အခြေခံကာ ဒေသခံအခြေပြုအဖွဲ့အစည်းများနှင့် ပြည်တွင်းအင်န်ဂျီအိုများ၏ ပူးပေါင်း ပါဝင်မှုဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
"အခုစီမံကိန်းက ရွာသားတွေရဲ့ ပူး ပေါင်းပါဝင်မှုနဲ့ ဆောင်ရွက်မယ့် စီမံကိန်း ပါ။ ဒါကြောင့်သူတို့ဆန္ဒနဲ့အညီ ညှိနှိုင်း ဆောင်ရွက် ပေးသွားမယ်။ "သူတို့နဲ့လည်း သင့်တော်ပြီး အင်းလေးကန်အတွက်လည်း အကျိုးရှိမယ့် လုပ်ငန်းတွေကို လေ့လာသုံးသပ်ပြီး ဆောင်ရွက်သွားမယ်" ဟု ယူအင်န်ဒီပီမှ သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်ပညာရှင် ဦးထွန်းပေါ်ဦးက ပြောသည်။
လေ့လာရေးအဖွဲ့မှ ရရှိလာသော အချက်အလက်များကို သုံးသပ်ပြီးပါက အခြားပြည်တွင်းအဖွဲ့အစည်းများ သက် ဆိုင်ရာကဏ္ဍ အလိုက် ပါဝင်ဆောင် ရွက်နိုင်စေရန် ဖိတ်ခေါ်ကာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပသွားမည် ဖြစ်သည်။
"ကနဦးကိန်းဂဏန်းအချက်အလက် တွေကို ကောက်ယူစိစစ်ပြီးတဲ့အခါမှာ လုပ်မယ့်လုပ်ငန်းတွေ အသေးစိတ်ထွက် လာမှာပါ။ နှစ်နှစ်အတွင်းမှာ တကယ် ထိရောက်ပြီး အောင်မြင်နိုင်မယ့်လုပ်ငန်း တွေကို ရွေးပြီးလုပ်မယ်။ ဆွေးနွေးပွဲပြီး တာနဲ့ စပြီးလုပ် သွားမယ်"ဟု သစ်တော ပညာရှင် ဦးဘသန်းက ပြောသည်။
ယခုစီမံကိန်းသည် ယူအင်န်ဒီပီက ဆွဲသည့်စီမံကိန်းမျိုးမဟုတ်ဘဲ ဒေသခံတို့၏ သဘောထားအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ရာ ရေရှည်တည်တံ့ရေး အတွက် များစွာအထောက်အကူဖြစ်ရန် မျှော်မှန်းထားသည်။
"အရင်စီမံကိန်းတွေက အားသာချက်၊ အားနည်းချက်တွေကို သင်ခန်းစာယူပြီး ပြည်သူပူးပေါင်းပါဝင်မှု များအောင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဟန်ချက်ညီညီ ချိတ်ဆက်လုပ်ဆောင် သွားမယ်။ အခုဆိုရင် အင်းလေး က ရေ တွေဟာ သောက်သုံးဖို့ မသင့်တော့ဘူး။ ဆန္ဒနဲ့ လိုအပ်ချက်တွေအပေါ် ယူအင်န် ဒီပီအနေနဲ့ ပညာရှင်တွေက နည်းပညာ ၀ိုင်းဝန်းပံ့ပိုးပေးမှာ ဖြစ်တဲ့အတွက် အင်းလေးကန်ရေရှည်တည်တံ့ရေးကို အကျိုးရှိမယ်လို့ မျှော်လင့်ထားပါတယ်" ဟု ဦးထွန်းပေါ်ဦး က ပြောသည်။

 အင်းလေးကန် ယခင် မြင်ကွင်း (ဓာတ်ပုံ – ဖိုးဝ ခရီးသွား လုပ်ငန်း)

ယူအင်န်ဒီပီသည် ယင်းဧရိယာတွင် လူမှုဖွံ့ဖြိုးရေး အစီအစဉ်များနှင့်အသေးစား ချေးငွေလုပ်ငန်းများကို လက်ရှိတွင် ဆောင်ရွက် လျက် ရှိသည်။
"အင်းလေးကန် ထိန်းသိမ်းရေးက တော့ အားလုံးက ၀ိုင်းလုပ်နေကြတာပါပဲ။ ထိရောက်အောင်မြင်ဖို့ပဲလိုတာ။ အခုစီမံကိန်းမှာပါမယ် ဆိုရင် ပထမဦး ဆုံးလုပ်ချင်တာကတော့ ဓာတ်မြေဩဇာ ကင်းစင်တဲ့ ဩဂဲနစ်စိုက်ခင်းတွေ ထူ ထောင်ချင်တယ်။ အခုဆိုရင် အင်းလေး ကရေတွေဟာ သောက်သုံး ဖို့မသင့်တော့ဘူး။ ကြာရင်ပတ်ဝန်းကျင်တင်မကဘူး။ လူတွေရဲ့ကျန်းမာရေးကိုပါ ထိခိုက် လာနိုင်တယ်"ဟု သစ်တောသယံဇာတ နှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။
 

source: (မြန်မာ့တိုင်းမ်)

No comments:

Post a Comment