ကချင်စစ်ဘေး ဒုက္ခသည်များအတွက် အမေရိကန်အစိုးရက ဒေါ်လာတသန်းခွဲ ကူညီ
ထောက်ပံ့မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာဒဲရစ်မစ်ချယ်က
ပြောသည်။
အဆိုပါ အကူအညီများအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှတဆင့် ပေးအပ်သွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ကြာသပတေးနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာမစ်ချယ်က ကြေညာသွားခြင်း ဖြစ်သည်။
“ပဋိပက္ခအတွင်း နှစ်ဖက်ပစ်ခက်မှုတွေကြားက အပြစ်မဲ့ပြည်သူတွေဟာ ကြားညှပ်ပိတ်မိနေပါတယ်။ ခုဆို မိုးရာသီ ဝင်တော့မှာမို့ သူတို့အတွက် အထူး စိုးရိမ်ရပါတယ်” ဟု ပြောသည်။
မစ္စတာမစ်ချယ်က သူ၏ခရီးစဉ်အတွင်း ကုလသမဂ္ဂ အပါအဝင် ကချင်ဒေသသို့ အကူအညီများ ပေးအပ်နေသည့် အခြား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း “နိုင်ငံရေးနဲ့ လုံခြုံရေးဆိုရာ ရှုတ်ထွေးခက်ခဲမှုတွေ ရှိနေတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ သို့သော်လည်း ဒီပြည်သူတွေအတွက် အလွန်လိုအပ်နေတဲ့ အထောက် အပံ့တွေ ရအောင် အစိုးရအနေနဲ့ အလေးထားစဉ်းစားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆွေးနွေးဆောင်ရွက်ဖို့ ကျနော် အတော်အားပေးခဲ့ပါတယ်” ဟု သတင်းထောက်များကို ပြောဆိုသွားသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းနှင့်ရှေ့နောက် မညီစွာဘဲ အကြမ်းဖက်တိုက်ခိုက်မှုများ ကချင်ပြည်နယ်အတွင်း အထင်းသား တွေ့နေရဆဲဖြစ်ကြောင်းလည်း အမေရိကန် ကိုယ်စားလှယ်က ထောက်ပြပြောဆိုသွားသည်။
အကူအညီပေးနေသည့် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် စစ်ဘေးရှောင် ကချင်ဒုက္ခသည်ပေါင်း ၄၀၀၀၀ ကျော် ရှိနေပြီး ဆေးဝါး၊ အစားအစာနှင့် နေထိုင်မှုပစ္စည်းများ လုံလောက်မှုမရှိဘဲ
ပြင်ပထောက်ပံ့မှုများလည်း ရောက်ရှိရန် ခက်ခဲနေသည်ဟုဆိုသည်။ နိုင်ငံတကာနှင့် ပုဂ္ဂလိက အလှူရှင်များ ဝင်ရောက်
နိုင်မှုအတွက်လည်း အစိုးရက ဆောင်ရွက်မပေးကြောင်း အဆိုပါဒုက္ခသည် အကူအညီပေးရေးအဖွဲ့များက ဆိုသည်။
source:Mizzima

No comments:
Post a Comment