24 March 2012

လူဦးရေ တိုးတက်များပြားလာပေမယ့် ဖွံ့ဖြိုးမှုနှုန်းနှေးကွေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ(၁)


 မြောက်ပိုင်းဒေသ ရေကြီးမှုတွေနဲ့ တောင်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာကို နေ့စဉ်နဲ့အမျှ ရွေ့ပြောင်းနေကြတာကို တွေ့မြင်နေရပါတယ်။ ဒီရွေ့ပြောင်းလာသူအများစုဟာ ဒါကာမြို့တော်ရဲ့ လူဦးရေ အထူထပ်ဆုံး နေရာတစ်ခုဖြစ်ပြီး ညစ်ပတ်နံစော်နေတဲ့ ကျူးကျော်ရပ်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့ Korail မှာ အခြေချနေထိုင်နေကြပါတယ်။
ဒီလိုမျိုး နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချလာတဲ့ လူတွေနဲ့တစတစ ပြည့်ကျပ်လာနေတဲ့ မြို့တော်ဒါကာဟာ လူတွေကို လုံလုံလောက်လောက် နေရာချထားနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ အဲဒါကြောင့် ဘင်္ဂလာဒေ့ရှ်အစိုးရဟာ ဒါကာမှာနေထိုင်ကြသူတွေအတွက် နေ့စဉ်လိုအပ်တဲ့ စည်ပင်ဝန်ဆောင်မှုတွေအတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့တောင်မှ မချိမဆန့်ရုန်းကန်နေရတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။
တနေ့တခြား တိုးတက်လာနေတဲ့ တခြားနိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို လိုက်မှီဖို့အတွက်  ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ယခုအချိန်မှာ နည်းစနစ်အသစ်တွေနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ နိုင်ငံတ၀ှန်းလုံးမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ သောင်းခြောက်ထောင်သော ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ဆိုတာ ခန့်မှန်းလို့မရတဲ့ အချိန်အတိုင်းအတာ တစ်ခုယူရမှာဖြစ်ပြီး ဖြစ်နိုင်ခြေအလွန်နည်းပါးတဲ့ အနေအထားမှာ ရောက်နေပြီဖြစ်ပါတယ်။
အကျပ်အတည်းကာလပေါင်း မြောက်မြားစွာကို နှစ်စဉ်ဖြတ်သန်းလာရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်မှုဟာ တစ်နှစ်ထက်တစ်နှစ် ကျဉ်းမြောင်းလာနေတာတော့ အမှန်ပါပဲ။ ဒါကာမြို့တော်ဟာ ကမ္ဘာပေါ်ရှိ အကြီးဆုံး အကျိုးအမြတ်မယူတဲ့ လူမှုအကျိုးဆောင်အဖွဲ့အစည်း BRAC အခြေစိုက်ရာမြို့ဖြစ်ပြီး လူထုအတွက် အခြေခံ ကျန်းမာရေးနဲ့ အခြားဝန်ဆောင်မှုများကို ကွင်းဆင်းလုပ်သားတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး သရုပ်ပြပွဲတွေနဲ့ ပညာပေးလျှက်ရှိနေပါတယ်။
ဒါ့အပြင် ဆင်းရဲမွှဲတေမှုကိုလျှော့ချနိုင်ဖို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မိုဟာမက်ယူနွတ်ရဲ့  Grameen ဘဏ်ကနေ အသေးစား ဘဏ္ဍာရေးလုပ်ငန်းတွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဖောင်းပွလာနေတဲ့ လူဦးရေတိုးပွားမှုကို လျှော့ချဖို့ စီမံချက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ ၁၉၇၇ ခုနှစ် စစ်တမ်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသမီးတစ်ယောက်မှာ မွေးဖွားနှုန်း ၆.၆ ရှိရာကနေ ယနေ့အချိန်မှာ ၂.၄ ထိ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုလျှော့ချနိုင်ခြင်းအားဖြင့် မိဘတွေဟာ သားသမီးတွေကို လုံလောက်တဲ့ပညာရေးနဲ့ ကျွေးမွေးထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အိမ်ထောင်စုများရဲ့စီးပွားရေး အခြေအနေကိုလည်း ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစစ်တမ်းတွေရဲ့အဆိုဟာ လက်ရှိမြင်တွေ့နေရတဲ့ ဆင်းရဲသားတွေ ပြည့်သိပ်ခဲနေတဲ့ ဒါကာမြို့ရဲ့ မြင်ကွင်းတွေအရ ယုံကြည်လက်ခံဖို့ခက်ခဲနေတာ အမှန်ပါပဲ။
"အစပိုင်းမှာ ဒီလိုမွေးဖွားနှုန်းကိုလျှော့ချဖို့ လူတွေကို စည်းရုံးရတာ အရမ်းခက်ခဲခဲ့တယ်။ ဒီတိုင်းပြည်က ရှေးရိုးစွဲဝါဒီတွေနေတဲ့တိုင်းပြည်ဆိုတော့ ယောင်္ကျားတွေက သူတို့ရဲ့မိန်းမတွေကို ခလေးများများမွေးဖို့အမြဲဖိအားပေးတဲ့ အလေ့အထရှိနေတယ်"
Satkhira District ရဲ့အစိုးရကျန်းမာရေးဝန်ထမ်း Begum Rokeya ကပြောသွားတာပါ။ သူဟာ အိမ်ပေါင်းမြောက်မြားစွာကို ၀င်ထွက်ပြီး လက်ထပ်ပြီးစစုံတွဲတွေကို သားဆက်ခြား ပညာပေး ဆွေးနွေးမှုတွေ လိုက်လံ ဟောပြောပေးနေသူ တစ်ဦးဖြစ်ပါတယ်။ သူကခုလိုဆက်ပြောသွားပါတယ်။
" တစတစကျဉ်းမြောင်း ကျပ်တည်းလာတဲ့ ခေတ်အနေအထားအရ အိမ်ထောင်ဦးစီးတွေဟာ သူတို့နေ့စဉ်ကျွေးမွေးရမယ့် ပါးစပ်ပေါက်တွေနည်းရင် ပိုပြီးသက်သာချောင်ချိနိုင်မယ်ဆိုတာ သဘောပေါက်လာကြပါတယ်"
ကျန်းမာရေး ဆွေးနွေးမှုအစီအစဉ်တွေဟာ အတိုင်းအတာတစ်ခု ထိရောက်ခဲ့ပြီး တခြားအကျိုးကျေးဇူးအနေနဲ့ မွေးကင်းစကလေး သေဆုံးမှုနှုန်းထားကိုလည်း ၁၉၉၀ ကနေ ၂၀၀၈ ခုနှစ်အတွင်းမှာ မွေးကင်းစ ကလေးသေဆုံးမှုနှုန်း တစ်ထောင်မှာ တစ်ရာ သေဆုံးရာကနေ ၄၅ ယောက်အထိ လျှော့ချနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး လျှော့ချနိုင်ခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်လို ၀င်ငွေနည်းပါးတဲ့ နိုင်ငံမျိုးအတွက် သမိုင်းဝင် ရလာဒ်တစ်ခု ဖြစ်ပါတယ်။ သဘာဝ ဘေးဒုက္ခတွေကြောင့် နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချလာနေသူတွေကြောင့် ဒါကာမြို့တော်ရဲ့လူဦးရေ ထူထပ်သိပ်သည်းမှုဟာ စိုးရိမ်နေရတဲ့ အနေအထားကိုရောက်ရှိနေပြီး BRAC အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ကိုင်တွယ် ဖြေရှင်းနေရပါတယ်။
"ကျွန်တော်တို့အဖွဲ့ရဲ့ အဓိကရည်မှန်းချက်ကတော့ နယ်ကလူတွေ ဒါကာကို နေ့စဉ်နဲ့အမျှပြောင်းရွေ့လာတာကို တားဆီးထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအတွက် ဒီလူတွေကို သူတို့ရဲ့ကျေးလက်တောရွာတွေမှာ ရှင်သန်ရပ်တည်နိုင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ၊ နည်းလမ်းသစ်တွေကို အတတ်နိုင်ဆုံးဖော်ဆောင်ပေးနေပါတယ် "
BRAC ရဲ့ရာသီဥတုပြောင်းလဲမှုနှင့် ကပ်ဘေးစီမံခန့်ခွဲမှု အကြီးအကဲ Kabir ကပြောသွားတာပါ။
လက်ရှိအချိန်မှာ ဒါကာမြို့ရဲ့လူဦးရေဟာ ၁၅ သန်းကျော်သွားပြီဖြစ်ပြီး ဒီအရေအတွက်ဟာ နေ့စဉ်နဲ့အမျှ တိုးပွားလျှက်ရှိနေပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက လူဦးရေ ၆ သန်းကျော်သာရှိတဲ့ ဒါကာဟာ ၂၀၀၅ ခုနှစ်မှာ ၁၂ သန်းကျော်အထိ များပြားလာပြီး ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး နံပါတ် ၃ အဆင့်ချိတ်တယ်လို့သိရပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ခန့်မှန်းတွက်ချက်မှုအရ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒါကာရဲ့လူဦးရေဟာ သန်းနှစ်ဆယ်ကျော် အထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ မက္ကစီကိုစီးတီး၊ ဘေဂျင်းနဲ့ ရှမ်ဟိုင်းမြို့တွေထက် ပိုများပါတယ်။ ဒီလိုမျိုး လူဦးရေ တိုးတက်များပြားလာပေမယ့် ဖွံ့ဖြိုးမှုနှုန်းနှေးကွေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒါကာမှာ နေထိုင်တဲ့ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းခန့်ဟာ တစ်လကို ဒေါ်လာ ၁၇၀ ထက်နည်းပါးတဲ့ ၀င်ငွေနဲ့ရပ်တည်နေကြရတာပါ။
တချို့ဘင်္ဂလီလူမျိုးတွေရဲ့ ဇနီးတစ်ယောက်ထက်ပိုပြီး လက်ထပ်တဲ့ အလေ့အထနဲ့ ဘာသာရေးအရ သားဆက်ခြားမှုကို ငြင်းပယ်တဲ့အလေ့အထဟာလည်း ခလေးမွေးနှုန်းတိုးတက်မှု၊ ၀င်ငွေမလောက်ငမှုတွေကို မီးလောင်ရာ ဓာတ်ဆီ လောင်းပေးနေသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး နယ်ကလူတွေ မြို့ပေါ်တက်လာရတဲ့ အဓိကအကြောင်းရင်းက နှစ်စဉ်ကြုံတွေ့ခံစားနေရတဲ့ ရာသီဥတုပြောင်းလဲမှု ကပ်ဒုက္ခဆိုးတွေကြောင့် ဖြစ်ပါတယ်။

source:Maukkha

No comments:

Post a Comment