11 October 2011

တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ (၁)

Newsweek ကနေ ကျော်သူဟန် ဘာသာပြန်ပြီး Ecovision Journal မှာ ထည့်သွင်းထားတဲ့ ဆောင်းပါးပါ။


စီးပွားရေးကျဆင်းမှု ကာလအတွင်း ထူခြားသည့်အချက်တစ်ခုမှာ ထွန်းသစ်စနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားတို့သည် အကျပ်အတည်းဒဏ်ကို ခန့်မှန်းထားသည်ထက် ပို၍ ခံနိုင်ရည်ရှိကြောင်း တွေ့ရသည်။ အထူးသဖြင့် တရုတ်နိုင်ငံဆိုလျှင် စီးပွားရေးအကျပ်အတည်းကြောင့် အကျိုးဖြစ်ထွန်းမှုများပင် ရရှိခဲ့သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေများ တိုးပွားခဲ့ပြီး တိုင်းပြည်၏ ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်ခဲ့ပါသည်။ သို့သော် ယခုနှစ်တွင် တရုတ်၏ စုစုပေါင်းစီးပွားရေးထွက်ကုန် ဂျီဒီပီသည် ၈.၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ၂၀၀၉ ခုနှစ်တွင် ဂျီဒီပီရာခိုင်နှုန်း အနုတ်လက္ခဏာပြနေချိန်တွင်ဖြစ်၍ တရုတ်၏ ၈.၅ ရာခိုင်နှုန်း မြင့်တက်မှုသည် အထူးအောင်မြင်မှုတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံ၏
စီးပွားရေးအကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေရှင်းမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် သာလွန်ကောင်းမွန်ခဲ့သည်။

ပါတီစည်းလုံးညီညွတ်မှု

တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အာဏာရပါတီသည် အများထင်မြင်ယူဆနေသကဲ့သို့ စည်းလုံးညီညွတ်နေသည်မဟုတ်ပါ။ ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အလေးထားလိုသော သမ္မတ ဟူကျင်းတောင်နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့က တစ်ဖက်၊ မြို့ပြဖွံ့ဖြိုးမှုကို အဓိကထားလိုသော ပါတီခေါင်းဆောင်ပိုင်းတချို့က တစ်ဖက် နှစ်အုပ်စုကွဲနေကြသည်။ ဟူနှင့်ဝမ်တို့က ဖွံ့ဖြိုးမှုနောက်ကျနေသော
တရုတ်ပြည်အနောက်ဘက် ပြည်နယ်များကို တန်းတူ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်လိုသည်။ အခြားပါတီခေါင်းဆောင်များကတော့ ဖွံဖြိုးပြီး ကမ်းရိုးတန်းဒေသ ပိုင်းရှိ ရှန်ဟဲ၊ ရှန်ကျင့်စသောမြိုကပြများကို ကမ္ဘာ့စံပြ မြို့တော်ကြီးများဖြစ်အောင် တည်ဆောက်လိုကြသည်။ သမ္မတဟူနှင့် ၀န်ကြီးချုပ် ၀မ်တို့က စီးပွားရေနှေးကွေးလျှင် နှေးကွေးပစေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဘွန်ထုတ်လုပ်မှုများသည့် စက်ရုံများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးစသည့် နီယိုလစ် (Neo-Liberal) ဆန်သောပေါ်လစီများ ချမှတ်လိုသည်။

ပါတီအီလိုက်ခေါင်းဆောင်ပိုင်းကတော့ ဈေးကွက်စီးပွားရေးကိုပိုပြီး ကြိုးဖြေလွှတ်စေချင်ကြသည်။ စည်းမျဉ်းစည်းကမ်းများ လျှော့ချ၊ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပြီး၊ လေဆက်ဖဲယား အယူအဆကို အပြည့်အ၀အသုံးချသူများဖြစ်ကြသည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ အကွဲအပြဲသည် သမ္မတနှင့်
ဝန်ကြီးချုပ်ဦးဆောင်သော လက်ဝဲဆန်သည့် အုပ်စုနှင့် ပါတီအီလိုက်များဦးဆောင်သော လက်ယာဆန် သော အုပ်စုတို့ဖြစ်ကြသည်။

အခုလောလောဆယ်အချိန်မှာ မည်သည့်အုပ်စုက အသာစီးရနိုင်မလဲဆိုတာ မှန်းရ ခက်နေပါသေးသည်။ ပြည်သူအများစုကတော့ ဟူနှင့်ဝမ်အုပ်စုကို ပို၍သဘောကျကြသည်။ သို့သော် တရုတ်ပြည်တွင် သြဇာအာဏာရှိသည်မှာ တရုတ်ပြည်သူတို့မဟုတ်ဘဲ ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသည်။

ပါတီတွင်း ကွဲပြားနေမှုသည် ယခုမှဖြစ်သည်မဟုတ်ဘဲ ယခင်သမ္မတ ကျန်ဇီမင်းလက်ထက်ကတည်းကပင် ရှိခဲ့သည်။ သို့သော်နိုင်ငံတကာ အသိုက်အ၀န်းက သတိပြုမိခြင်းမရှိဘဲ ယခုအချိန်တွင်မှ လူပြောသူပြောများလာ ခြင်းဖြစ်သည်။ ဟူကျင်းတောင်နောက် မည်သည့်ဘက်က နိုင်ငံသမ္မတ ဖြစ်လာနိုင်မလဲဆိုသော ပုစ္ဆာကို နိုင်ငံတကာ သတင်းမီဒီယာများက အထူးဦးစားပေး ဖော်ပြလာကြသည်။ နိုင်ငံ၏ရည်ရှည်ကာလတွင် ရေရှည်ကာလတွင် ချမှတ်ရမည့် ပေါ်လစီဗျူဟာများအပေါ်တွင် ပါတီအုပ်စု နှစ်ခုကွဲပြားနေကြသော်လည်း၊ တရုတ်နိုင်ငံကို နိုင်ငံတကာစင်မြင့်တွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာရေးမှာ ပါတီအုပ်စုနှစ်ခုစလုံး၏ ဘုံရည်မှန်းချက်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၂၀၀၈ ခု စီးပွားရေးအကျပ်အတည်း ဖြစ်ပွား လာသောအခါ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်လွှတ်တော်နှစ်ရပ်၌ စီးပွားရေးနှိုးဆွ အစီအစဉ် အတွက် ငြင်းခုံလို့ကောင်းဆဲကာလတွင် တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀ ဘီလီယံတန်သူ၏ စီးပွားရေးစီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်သည်။ အနောက်နိုင်ငံများက အကျပ်အတည်းမဖြစ်မီကပင် ကြွေးမြီဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနှင့်နေပြီး ဖြစ်သောကြောင့်၊ အကျပ်အတည်းကာလတွင် ငွေထပ်မံ သုံးစွဲဖို့ လက်တွန့်နေကြသည်။ တရုတ်အစိုးရကမူ နိုင်ငံခြားအရန်ငွေ နှစ်ထရီလီယံ မျှရှိနေသောကြောင့် စီးပွားရေးနှိုးဆွအစီအစဉ်ကို အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

ထိုကာလအတွင်း တရုတ်နိုင်ငံ အနာဂတ်အတွက် အရေးပါသော အခြေခံ အဆောက်အဦးနှင့် နည်းပညာသုတေသန လုပ်ငန်းများ၌ ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့ကြောင့်ပင်ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီတစ်ခေါက် စီးပွားရေး အကျပ်အတည်းမှာ အမြတ်ထွက်သွားတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပဲ”ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ

စီးပွားရေးပညာရှင် အများစုက တရုတ်အစိုးရ၏ ပြဿနာ ဖြေရှင်းပုံသည် လျင်မြန်ပြီး စွမ်းအား အပြည်အ၀ရှိ ကြောင်း သဘောတူညီကြသည်။ သို့သော် ရေတိုကာလတွင် ပြဿနာပြေလည်သွားသော်လည်း အနာဂတ် အတွက် ပြဿနာတချို့ရှိသည်ဟု ထောက်ပြကြသည်။ ပြဿနာတစ်ခုမှာ စီးပွားရေးတွင် အစိုးရ၏ အခန်းကဏ္ဍ အလွန်ကြီးမားနေခြင်းဖြစ်သည်။ တရုတ်ဂျီဒီပီမှာ ဂျပန်ကိုကျော်ဖြတ်ပြီး ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာတော့မည်။ သို့သော် ဂျီဒီပီ၏ ၈၈ ရာခိုင်နှုန်းမှာ အစိုးရပိုင်လုပ်ငန်းများမှ လာခြင်းဖြစ်သည်။ ထိုရာခိုင်နှုန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ နှိုင်းယှဉ်၍မရအောင် မြင့်မားသော ပမာဏ ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍသည်တိုင်းပြည်၏ ဂျီဒီပီနှင့် နှိုင်းစာလျှင် အတော်သေးငယ်သော အစိတ်အပိုင်း ကလေးဖြစ်နေသည်။ ထို့ကြောင့် ဈေးကွက်စီးပွားရေးကို တိုးချဲ့လိုသော ပါတီခေါင်းဆောင်တချို့က တရုတ်နိုင်ငံ ၏ အကြီးဆုံးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ တိုက်တွန်းနေခြင်းဖြစ်သည်။ ထိုလုပ်ငန်းများထဲတွင် ဘဏ်လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတို့ပါဝင်သည်။ အစိုးရအရာရှိုများ ကိုယ်တိုင်က
စီးပွားရေး နှိုးဆွသည့် ငွေကြေး အများစုသည် အစိုးရပိုင်လုပ်ငန်းကြီးများကိုသာ ပို၍ ကြီးမားလာစေသည်ဟု ၀န်ခံ ပြောကြားကြသည်။ ထိုလုပ်ငန်းများကလည်း အထူးအဖြင့် အဆောက်အအုံများ၊ လမ်း၊
တံတားများ ဆောက်လုပ်ခြင်း၌ အဓိကထားမြှုပ်နှံနေသောကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ကြီးများတွင် အိမ်ခြံမြေဈေး များ မတရား မြင့်တက်ကုန်ပြီး၊ အက်ဆစ် ပူပေါင်းများ ဖြစ်ပွားလာနိုင်သည်ဟု အစိုးရအရာရှိုများက စိုးရိမ်နေကြသည်။

စန်းပွင့်နေသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း

တရုတ်အစိုးရသည် မီးရထားလုပ်ငန်းတွင် ဒေါ်လာ ၃၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။ နောက်ထပ် မီးရထားလမ်းအရှည် ကီလိုမီတာ ၂၀,၀၀၀ ခန့် ထပ်မံတိုးချဲ့မည်ဟု သိရသည်။ ထိုအထဲမှ ကီလိုမီတာ ၁၃,၀၀၀ ခန့်သည်အမြန်မီးရထားလမ်းများဖြစ်ကြသည်။ ထို အမြန်ရထားများက တစ်နာရီလျှင် ၃၅၀ ကီလိုမီတာထိ မောင်းနှင်နိုင်စွမ်းရှိသည်။ ထိုအမြန်ရထားလမ်းစနစ်ကြောင့်
တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုနှင့်တစ်ခု ဆက်သွယ် သွားလာရမှု လျင်မြန်သွားစေခဲ့သည်။ ထိုအမြန်ရထားလမ်းစနစ် ပြီးစီးသွားပါက ပေကျင်းနှင့် ရှန်ဟိုင်း ခရီးသည် လေးနာရီမျှသာ ကြာတော့မည် ဖြစ်သည်။ ထိုသို့ဆက်သွယ်မှု လျင်မြန်လာသောကြောင့်
ဖွံ့ဖြိုးမှုနောက်ကျနေသော အနောက်ပိုင်းပြည်နယ်များလည်း လိုက်ပါ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ ပါမောက္ခတစ်ဦးဖြစ်သူ စီဝေးက အမြန်ရထားစနစ်သည် စီးပွားရေးကိုသာမက နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တွေကိုပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနိုင်သည် ဟုခန့် မှန်းသည်။ တရူတ်အရာရှိများက တရုတ်နိုင်ငံသည် ယခင်ကသွားလာရေးခက်ခဲသောကြောင့် ပါတီစုံစနစ်ကျင့်သုံး ဖို့ မလွယ်ကူဟု ငြင်းဆိုခဲ့ကြဖူးသည်။ ယခုအချိန်တွင်တော့ တရုတ်နိုင်ငံတစ်ဖက်စွန်းမှ
တစ်ဖက်စွန်းသို့ နေ့ချင်းပြီး သွားလာနိုင်ပြီဖြစ်ရာ ပါတီစုံစနစ်ကျင့်သုံးဖို့ ဖြစ်နိုင်ခြေ ရှိနေပြီဖြစ်သည်ဟု ပေကျင်းမှ ပါမောက္ခတစ်ဦးက ထောက်ပြသည်။ တရုတ်နိုင်ငံသည် မီးရထားလမ်းသာမဟုတ်၊ ကားလမ်းအရှည် ၄၄,၀၀၀ မိုင်ခန့် ထပ်မံဖောက်လုပ်မည်ဟု သိရသည်။ လာမည့်
ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် လေဆိပ်သစ် ၁၀၀ ခန့် ဆောက်လုပ်မည်ဟုသိရသည်။

(Newsweek ကနေ ကျော်သူဟန် ဘာသာပြန်ပြီး Ecovision Journal မှာ ထည့်သွင်းထားတဲ့ ဆောင်းပါးပါ
ပြန်လည်ကူးယူဖော်ပြပါတယ်

No comments:

Post a Comment