18 October 2011

ဘဏ်အကောင့်ပြငွေအတွက် ကားဝန်ဆောင်မှု ကုမ္ပဏီအချို့က စီးပွားရေးဆန်ဆန်လုပ်စားမှုများ ရှိနေပြီ

ကားဟောင်းပယ်ဖျက်ပြီး ကားသစ်တင်သွင်းခြင်းအတွက် ပုဂ္ဂလိက ဝန်ဆောင်မှုကုမ္ပဏီအချို့က ဘဏ်အကောင့် Earning ပြသရေး အတွက် အငှားဝန်ဆောင်မှုများ ပြုလုပ်ပေးနေရာတွင် ယခင်က ဝန်ဆောင်ခတောင်းဆိုခဲ့ခြင်းမရှိဘဲ ယခုနောက်ပိုင်းဝန်ဆောင်ခကို တရားဝင်ထည့်သွင်းတောင်းခံလာနေပြီး ဈေးနှုန်းအဆမတန်များပြားနေကြောင်း ကားဟောင်းပယ်ဖျက်မည့်သူများထံမှ စုံစမ်းသိရှိရသည်။

ဝန်ဆောင်မှုကုမ္ပဏီများက Earning Transfer အတွက် ဝန်ဆောင်ခဟူ၍ ငွေကျပ်ငါးသိန်းမှ ၁၅ သိန်းအထိ အမျိုးအစားအလိုက် တောင်းဆိုလျက်ရှိနေသည်ဟု သိရပြီး ယင်းမှာ စီးပွားရေးအရ ကားသစ်သွင်းသည့် သူများထံမှ အမြတ်ထုတ်ယူခြင်းမျိုးဖြစ်နေကြောင်း သိရသည်။ "အရင်က ပြောကြတာတော့ Earning ရှိလို့ သူတို့တွေရဲ့ ကုမ္ပဏီတွေကနေ ဘဏ်အကောင့်မှာ အမေရိကန်ဒေါ်လာ ၅၀၀၀ ကို အစားထိုးပြပေးမယ်။ သူတို့ဆီမှာ ကားအပ်ကြဖို့ ပြောကြတယ်။ နောက်ပိုင်းကျတော့ Earning Transfer ဆိုပြီး ဝန်ဆောင်ခထပ်တောင်းလာကြတယ်။ ကျပ်ငါးသိန်းကနေ ၁၅ သိန်းဝန်းကျင်အထိ ရှိလာကြတယ်" ဟု ကားဟောင်းမျာကို ပယ်ဖျက်မည့် ကားဟောင်းပိုင်ရှင်ကိုမောင်မောင်အေးက ပြောကြားသည်။

"ဝန်ဆောင်မှုကုမ္ပဏီတွေ အပြိုင်အဆိုင်ပေါ်လာကြတယ်။ ပြီးတော့ ကားသစ်ဝယ်မယ့်သူတွေကို အင်တာနက်ပေါ်ကနေ ကားတွေကိုပြပြီး စိတ်ကြိုက်ကားရွေးခိုင်းတယ်။ ကိုယ်က မြင်ပဲမြင်ရတာလေ၊ ကိုယ်တိုင် စမ်းသပ်ခွင့်မရဘူး။ လိုချင်တဲ့ပုံစံတကယ်ရမရတော့ မသိဘူး။ ဝန်ဆောင်ခတွေက Earning Transfer တောင်းလာတာအပြင် ကားသယ်ယူပို့ဆောင်တဲ့ ဝန်ဆောင်ခတွေပါ ပေးရတာဆိုတော့ ကားဝယ်သူတွေဆီကနေ ငွေအမြတ်ထုတ်နေတဲ့ သဘောမျိုးသက်ရောက်လာနေပြီဗျ" ဟု ယင်းကဆက်လက် ပြောကြားသည်။

"မြန်မာတွေက စီးပွားရေးဘယ်လိုလုပ်စားရမလဲဆိုတာကို ကောင်းကောင်းသိတယ်ဗျ။ ငါးပွက်ရာ ငါးစာကောင်းကောင်းချတတ်တာပေါ့။ ကားကိစ္စတွေ ဖြစ်လာတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက ဝန်ဆောင်မှု ကုမ္ပဏီ အပြိုင်ထောင်ပြီး စီးပွားရှာလာကြတယ်" ဟု AGD ဘဏ်မှ MD ဦးရဲမင်းဦးက မှတ်ချက်ပြုပြောကြားသည်။ 

 ပြည်မြန်မာသတင်းဂျာနယ်

No comments:

Post a Comment