21 October 2011

မုန်တိုင်းကြောင့် စစ်တွေတွင် အိမ်ခြေ အနည်းဆုံး ၄ဝ ခန့် ပျက်စီး


ဘင်္ဂလား ပင်လယ် အော်တွင် ၂၀၁၁ ခုနှစ် အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပေါ်ခဲ့သည့် 02B ဟု အမည် ပေးထားသော မုန်တိုင်း ငယ်သည် အောက်တို ဘာလ ၁၉ ရက်နေ့ ညနေက စစ်တွေမြို့သို့ ဖြတ်သန်း သွားပြီး မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အိမ်ခြေ အနည်းဆုံး ၄ဝ ခန့် ပျက်စီးသွားခဲ့ကြောင်း စစ်တွေမြို့ မောလိပ်ရပ်ကွက် တွင် နေထိုင်သူ ဦးခင်မောင်သိန်းက The Voice Weekly သို့ပြောကြားသည်။
အဆိုပါ မုန်တိုင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်း (၄) နာရီခွဲ အချိန်ခန့်ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားမြို့နှင့် မြန်မာနိုင်ငံ မောင်တောမြို့တို့၏ ကြားမှ ကုန်းတွင်းပိုင်းသို့ စတင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ညနေ (၆) နာရီခွဲ အချိန်တွင် ကုန်းတွင်းပိုင်းသို့ လုံးဝဝင်ရောက် သွားခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင် ၏ Website မှတစ်ဆင့် သိရှိရသည်။
" ရာသီဥတု ကတော့ အုံ့မှိုင်းနေသေးတယ်၊ တစ်မြို့လုံး ရေ ၂ ပေလောက် တတ်တယ်၊ အခုတော့ ပြန်ကျသွားပြီ၊ အိမ် သုံးလေးဆယ်လောက် ခေါင်မိုးတွေ ကျွတ်ကုန်တယ် " ဟု မောလိပ်ရပ် ကွက်တွင် နေထိုင်သူ တစ်ဦးက စစ်တွေမြို့၏ မုန်တိုင်းလွန် အခြေအနေနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။
စစ်တွေမြို့ အခြားနေရာများတွင် နေထိုင်သူများကမူ စစ်တွေတွင် မုန်တိုင်းကြောင့် ထိခိုက်မှု ဆိုးဆိုးရွားရွား မရှိဟု ပြောဆိုကြသည်။ သို့ရာတွင် မုန်တိုင်းကြောင့် နောက်ဆုံး ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ပတ်သက်၍ The Voice Weekly က ဆက်လက် စုံစမ်းလျှက် ရှိသည်။
အောက်တိုဘာ ၁၈ ရက်နေ့က ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လျက် ရှိနေသော မုန်တိုင်းငယ်မှာ တဖြည်းဖြည်း အားကောင်းလာနေပြီး လာမည့် ၄၈ နာရီအတွင်း ရခိုင်ပြည် မြောက်ပိုင်းစွန်း ကမ်းရိုးတန်းသို့ ဝင်ရောက် လာနိုင်ဖွယ် ရှိနေကြောင်းနှင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ၊ဘူးသီးတောင်၊ မောင်တောမြို့နယ်တိုတွင် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များမှ ပင်လယ်ပြင် ငါးဖမ်းသမားများနှင့် ခရီးသွားပြည်သူများကို ညအိပ်မသွားရန်နှင့် မုန်တိုင်း အန္တရာယ် ကြိုတင် ကာကွယ် ထားကြရန် သတိပေး နှိုးဆော်နေသည်ဟု မောင်တောမြို့ခံ တစ်ဦးက ရှင်းပြသည်။
" အပျက်အစီး အသေအပျောက် မကြားမိပါဘူး၊ မနေ့ကတော့ မိုးအရမ်းရွာတယ်၊ အခု မိုးရိပ်တွေ ရှိသေးတယ် " ဟု ဘူးသီးတောင်မြို့ သင်္ဘောဆိပ်အနီးတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက The Voice Weekly သို့ မုန်တိုင်းအလွန် အခြေအနေနှင့် ပတ်သက်၍ တယ်လီဖုန်းမှတဆင့် ရှင်းပြခဲ့သည်။
၂၀၀၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသို့ မုန်တိုင်းများ နှစ်စဉ် ဝင်ရောက်ခဲ့ရာ (၆) နှစ်မြောက် မုန်တိုင်းအဖြစ် မှတ်တမ်းဝင် ခဲ့သည့် 02B မုန်တိုင်းသည် ယမန်နေ့ ညနေပိုင်းက အညိုရောင်အဆင့် မိုင် ၇ဝ ခန့် တိုက်နိုင်သည့်အဆင့် မုန်တိုင်း ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
 The Voice Weekly

No comments:

Post a Comment