9 October 2011

မြန်မာနိုင်ငံ၏ ငွေကြေးမူဝါဒ ကို နိုင်ငံတော်ဗဟိုဘဏ်မှ လွတ်လပ်စွာ ကိုင်တွယ်ရန် ပြင်ဆင်


လွတ်လပ်သော နိုင်ငံတော် ဗဟိုဘဏ်များမှ ငွေကြေးမူဝါဒများ ချမှတ်ရာတွင် တိုင်းပြည်အတွင်း လည်ပတ်နေသည့် ပြည်တွင်းငွေကြေး ပမာဏ၊ ပြည်ပငွေကြေး ပမာဏ၊ ငွေလဲနှုန်း ကိစ္စရပ်များ၊ ငွေကြေးရိုက် နှိပ် ထုတ်ရန်ကိစ္စရပ်များ၊ ငွေကြေးဖောင်းပွမှု၊ ငွေကျုံ့မှု၊ ငွေကြေး၏ ၀ယ်နိုင်စွမ်းအား၊ စားသုံးသူဈေးနှုန်း ဆညွှန်းကိန်း၊ ဘဏ်တိုးနှုန်းပမာဏ စသည်တို့ကို သုံးသပ်ချိန်ဆပြီး နိုင်ငံ၏ ငွေကြေးမူဝါဒ ကောင်းမွန်စေရန် ရည်ရွယ်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း ပညာရှင်များထံမှ သိရပါသည်။
နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် မက်ခရို စီးပွားရေးတည်ငြိမ်မှုနှင့် ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်အတွက် အခွန်အကောက်များ၊ အစိုးရအသုံးစရိတ်များ၊ အစိုးရ၏ ပြည်တွင်းပြည်ပ ချေးငွေရယူနိုင်စွမ်း တို့ကို လိုအပ်သလို သတ်မှတ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ရေတို ဘဏ္ဍာ ရေးမူဝါဒမှာ အဓိကစီးပွားရေးအချက် အလက်များ၏ ရေတိုပြောင်းလဲလှုပ်ရှားမှုများကို အရေးထားပြီး ရေရှည် ဘဏ္ဍာရေးမူဝါဒမှာ စီးပွားရေးတိုးတက်မှုသာမက ပြည်သူများအကြား ညီမျှမှုကိုပါရရှိစေရန်အတွက် ထုတ်လုပ်မှုပမာဏ၊ ပို့ကုန် တင်ပို့မှုပမာဏနှင့် အခြားစီးပွားရေး အချက်အလက် အမျိုးမျိုးတွင် တိုးတက်မှုများ ရရှိလာစေရန် အရင်းအမြစ်များကို လိုအပ်သလို ခွဲခြမ်းအသုံးချခြင်းဖြစ်ကြောင်း ပညာရှင်များက ဆိုပါသည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ဘတ်ဂျက်လိုငွေလျှော့ချရန် အရေးကြီးပြီး ဘတ်ဂျက်လိုငွေ လျှော့ချရန်အတွက် မှန်ကန်သော မူဝါဒများချမှတ်နိုင်ရန် အရေးကြီးကြောင်း၊  စီးပွားရေးသီအိုရီ များအရ ဘတ်ဂျက်လိုငွေလျှော့ချနိုင်ရန် အဓိက နည်းနှစ်နည်းရှိပြီး ပထမ နည်းလမ်းမှာ အစိုးရ၀င်ငွေတိုးအောင် ဆောင်ရွက်ခြင်းဖြစ်ကာ ဒုတိယနည်းလမ်းမှာ အစိုးရအသုံးစရိတ် လျှော့ချခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဘဏ္ဍာရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် အခွန်မူဝါဒ၊ အသုံးစရိတ်မူဝါဒနှင့် စီးပွားရေးမူဝါဒများကို အခြေခံမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်ပြီး ရေတို ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဘတ်ဂျက်လိုငွေ လျှော့ချခြင်းအတွက် ငွေကြေးများ ရိုက်နှိပ်ထုတ်ဝေသည့် နည်းလမ်းနှင့်နိုင်ငံခြားငွေလို ငွေလျှော့ ချရေးအတွက် ပုဂ္ဂလိကကုန်သွယ် ရေးငွေများ ရယူသုံးစွဲခြင်းနှင့် အက်ဖ် အီးစီ ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း၊ ထိုသို့ပြုလုပ်မှုများကြောင့် ကျပ်ငွေ တန်ဖိုး အဆမတန် လျော့ကျခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်း၊ ငွေကြေး၏ ၀ယ်နိုင်စွမ်းအား လျော့ကျ ခြင်း၊ စားသုံးသူ ဈေးနှုန်းဆညွှန်းကိန်း ကျဆင်းလာခြင်း၊ ကုန်ဈေးနှုန်းမြင့် တက်လာခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
“ဒီမိုကရေစီအစိုးရတွေနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးနေတဲ့နိုင်ငံတွေက နိုင်ငံတော် ဗဟိုဘဏ်တွေကို လွတ်လပ်စွာချင့်ချိန် ဆုံးဖြတ်ပိုင်ခွင့်ပေးပါတယ်။ ဒါက နိုင်ငံတကာ လုပ်နည်းလုပ်ဟန်လို့ ပြောလို့ရတယ်။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ဂျပန်ကအစ အာဆီယံ နိုင်ငံတွေအထိ တွေ့နိုင်ပါတယ်။ ဒီလို ဗဟိုဘဏ်တွေက အစိုးရနဲ့မဆိုင်ဘူး။ အစိုးရက ၀င်ရောက်စွက်ဖက်လို့ မရဘူး။ အစိုးရနဲ့ဗဟိုဘဏ် နှစ်ဦး နှစ်ဘက် သဘောကိုက်ညီတာလည်း ရှိနိုင်ပါတယ်။ အစိုးရသဘောတစ်ခုတည်းနဲ့ ဗဟိုဘဏ်က လိုက်လုပ်ဖို့ မလိုတဲ့ အခွင့်အရေးရှိတယ်။ အဓိကကတော့ နိုင်ငံရဲ့ ငွေကြေးမူဝါဒကို တိုးတက် ကောင်းမွန်နေအောင် ဗဟိုဘဏ်က ကိုင်တွယ်ရပါတယ်။ နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှုတွေ၊ ငွေကြေး ရဲ့ဝယ်နိုင်စွမ်းအား၊ ငွေကြေးဖောင်းပွမှု စတာတွေပေါ် အခြေခံပြီး နိုင်ငံရဲ့ ငွေကြေးမူဝါဒကို ကောင်းမွန်အောင် လုပ်ရတယ်။ ဒီလိုကောင်းမွန်အောင် လုပ်နိုင်တဲ့ကျွမ်းကျင်မှု၊ သတ္တိ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ဆုံးဖြတ်နိုင် စွမ်းရှိမှုတို့လိုပါတယ်”ဟု ထင်မြင် ချက်ပေးပါသည်။
“ဗဟိုဘဏ်ကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ကိုင်ဖို့ခွင့် ပေးသင့်ပါတယ်။ ဒီမိုကရေစီနဲ့ ဈေးကွက်စနစ် ကျင့်သုံးတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဗဟိုဘဏ်က လွတ်လပ်တဲ့အဖွဲ့အစည်း တစ်ရပ်ဖြစ်သင့်တယ်။ ဗဟိုဘဏ် က အစိုးရအဖွဲ့နဲ့ မပတ်သက်တာ ပိုကောင်းတယ်။ ဗဟိုဘဏ်ရဲ့တာဝန်က တိုင်းပြည်ရဲ့ ငွေကြေးမူဝါဒကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းချုပ်ပြီး ချမှတ်ရတာပါ။ လုပ်သင့် လုပ်ထိုက်တာကို ထိန်းချုပ်ဆောင်ရွက် ရတယ်။ အစိုးရရဲ့ စွက်ဖက်မှုခံရရင် ပင်ကို အရည်အချင်း လျော့ပါးစေတယ်။ သူ့ရဲ့ဦးတည်ချက်က နိုင်ငံရဲ့ ငွေကြေးအခြေအနေကို အမြဲကောင်းမွန်နေအောင် လုပ်ဖို့၊ တစ်ခုခု အခက်အခဲဖြစ်ရင် အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့၊ ဆုံးရှုံးမှုကို တတ်နိုင်သမျှနည်းအောင် လုပ်နိုင်ဖို့ ဆိုတာ အရည်အချင်း ပြည့်ဝဖို့ လိုပါတယ်”ဟု ပါမောက္ခ ဒေါ်ရီရီမြင့် ကလည်း သုံးသပ်ပါသည်။
soruce: elevenmedia

No comments:

Post a Comment