11 October 2011

တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ (၃)

ရေနံအပေါ် မီခိုနေရသော တရုတ်နိုင်ငံ

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ ၁၉၉၀ ခုနှစ်များတွင် အလျင်အမြန် တိုးတက်ခဲ့မှုကြောင့် ထိုအချိန်မှစ ၍ တရုတ်တွင်ရေနံဝယ်လိုအား တဖြည်းဖြည်းချင်းမြင့်တက်ခဲ့သည်။ တရုတ်ခေါင်းဆောင်ပိုင်းကလည်း မိမိနိုင်ငံ ၏ ရေနံအပေါ် မှီခိုနေရမှုကိုနားလည်သဘောပေါက်သည်။ ထို့ကြောင့် ရေနံလုံလောက်စွာ ရရှိနိုင်ရေးအတွက် ကြိုတင်အစီအမံများစွာ ပြုလုပ်ထားသည်။ တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီကြီးများသည် ကမ္ဘတစ်ဝန်းရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိသည့် နိုင်ငံများနှင့် နှစ်ရှည်ကန်ထရိုက်စာချုပ်များ ချုပ်ဆိုထားသည်။ နောက်ထပ်ရေနံ ပိုက်လိုင်းသစ်များ တည်ဆောက်ပြီး၊အနာဂတ်စွမ်းအင်ဖူလုံရေးကို တိုင်းပြည်၏အဓိက တာဝန်အဖြစ် ခေါင်းဆောင်များက ရှုမြင်ကြသည်။

တရုတ်နိုင်ငံတွင် ပြည်တွင်းအခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက် စီးပွားရေးဆက်တိုက် ဖွံ့ဖြိုးနေဖို့ လိုအပ်သည်။ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လုံလောက်သော ရေနံကို ပုံမှန်ရရှိနေဖို့က အရေးကြီး ကြောင်း တရုတ်ခေါင်းဆောင်များက သိမြင်ကြသည်။ သို့သော်ရေရှည်တွင် ပို၍ စိတ်ချရစေရန်အတွက် ရေနံအပေါ် မှီခိုမှုကိုလည်း အစားထိုးနည်းပညာများ သုံးစွဲခြင်းဖြင့် လျှော့ချရန် ကြိုးစားလာသည်။ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဘတ်ထရီနည်းပညာ သုတေသနလုပ်ငန်းများတွင် ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံထားသည်။ ထိုနည်းပညာသုံးခုတွင် ရင်းနှီးထားသည့် ငွေမှာ ဒေါ်လာ ၂၁၈ ဘီလီယံ ရှိသည်။ ထိုပမာဏမှာ ကမ္ဘာပေါ်တွင် အများဆုံးရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သည်။

တရုတ်ပြည်၏ လျင်မြန်စွာ ပြောင်းလဲနိုင်မှု

ယခင်အချိန်တုန်းကဆိုလျှင် တရုတ်နိုင်ငံသည် ကာဘွန်ထုတ်လုပ်မှု လျှော့ချပေးရန် တောင်းဆိုချက်များ ကို အစဉ်အမြဲ ငြင်းပယ်လေ့ရှိသည်။ ယခုတော့ပေကျင်းအစိုးရက ကမ္ဘာကြီးပူနွေးမှုသည် မိမိတို့နိုင်ငံကိုလည်း အများကြီးထိခိုက်နိုင်ကြောင်း သိမြင်လာပြီး၊ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ တကယ်တော့ တရုတ်ပြည်၏ ပြောင်းလဲနိုင်မှုကို အထူးအံ့သြစရာမလိုလှပါ။ အတိတ်ကာလတွင်လည်း အခြေအနေက ဖိအားပေးလာလျှင် တရုတ်နိုင်ငံက အလိုက်သင့် ပြောင်းလဲနိုင်ခဲ့သည်သာ။ ယဉ်ကျေးမှုတော် လှန်ရေးကြောင့်
ထိခိုက်ပျက်စီးမှုများကို ခံစားရသဖြင့်တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က စီးပွားရေးတံခါးဖွင့် လှစ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နောက်တက်လာမည့် တရုတ်ခေါင်းဆောင်သစ်သည်လည်း ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေကို သုံးသပ်၍ ပေါ်လစီအပြောင်းအလဲများ ပြုလုပ်လိမ့်မည်ဟုမျှော်လင့်ရပါသည်။

အင်အားပြိုင်ဆိုင်မှုပြင်းထန်ဆဲကာလ

၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်သလိုတရုတ်နိုင်ငံတွင်လည်း ၂၀၁၂ ခုနှစ်၌နောက်တက်လာမည့် သမ္မတအသစ်ကို ပါတီပေါ်လစ်ဗျူရိုများက ရွေးချယ်ကြမည်ဖြစ်သည်။ ထိုထိပ်ပိုင်း ခေါင်းဆောင်များ သတင်းရပ်ကွက်မှ တစ်စွန်းတစ်စထွက်လာသော သတင်းများအရ လောလောဆယ် သမ္မတ ဖြစ်နိုင်ချေ အရှိဆုံးပုဂ္ဂိုလ်မှာ ဒုတိယ သမ္မတ စီကျင်းပင် (xi Jinping) ဖြစ်သည်။ သူသည်၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျိကျီးယန်ပြည်နယ်၏ ပါတီဥက္ကဋ္ဌအဖြစ်
အမှုထမ်းခဲ့ပြီး၊အချိန်ခဏတာအတွင်း တိုင်းပြည်၏ ဒုတိယ အမြင့်ဆုံးရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ပါတီခေါင်းဆောင်ပိုင်းများအတွင်း အင်အားပြိုင်ဆိုင်မှု ပြင်းထန်းနေသောကြောင့် သူတရုတ်သမ္မတ တကယ်ဖြစ်ကဖြစ်ကို အသေအချာမပြောနိုင်သေးပါ။ စီကျင်းပင်ကလက်ရှိတွင် ဒုတိယ သမ္မတဖြစ်နေသော်လည်း၊ တရုတ်တပ်မတော်တွင်မည်သည့်ရာထူးမှမရရှိသေးပါ။ ထို့ကြောင့် ပါတီအီလိုက်များက စက်တင်ဘာတွင် ကျင်းပခဲ့သော ပါတီအထွေထွေညီလာခံတွင် စီကျင်းပင်ကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ပေးရန်ကြိုးစားဆောင်ရွက်ခဲ့သည်။ သို့သော်လည်းတစ်ဖက် အုပ်စု၏ ကန့်ကွက်မှုကြောင့်အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်နိုင်ငံတွင်အစဉ်အလာအရ ၀န်ကြီးချုပ် ချူအင်လိုင်း လက်ထက်မှစ၍ ၀န်ကြီးချုပ်များသည် သမ္မတတက်ဖြစ်လေ့မရှိုခဲ့ပါ။ သို့သော် လက်ရှိဝန်ကြီးချုပ်ဝမ်ကျားပေါင် သည် ပြည်သူလူထုကြိုက်နှစ်သက်မှု အများဆုံးရရှိနေပြီး၊ တရုတ်သမိုင်းတလျှောက် လူကြိုက်အများဆုံး ၀န်ကြီးချုပ်ဖြစ်နေသည်။ ထို့ကြောင့် နောက်ဖြစ်လာမည့် သမ္မတအသစ်သည် ၀မ်ကျားပေါင်းလည်းဖြစ်နိုင်သည် ဟု ထင်ကြေးပေးနေကြသူများရှိကြသည်။ ထို့ကြောင့် ၂၀၁၂ ရောက်လျှင်တော့ ကမ္ဘာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
(Newsweek ကနေ ကျော်သူဟန် ဘာသာပြန်ပြီး Ecovision Journal မှာ ထည့်သွင်းထားတဲ့ ဆောင်းပါးပါ
ပြန်လည်ကူးယူဖော်ပြပါတယ်

ကျော်သူဟန်
Ref: Newsweek

No comments:

Post a Comment