လူမသိသေးသော တရုတ်နိုင်ငံ၏ ကိန်းဂဏန်းတစ်ခု
တရုတ်နိုင်ငံတွင် ယခုကဲ့သို့ အခြေခံအဆောက်အဦးများတွင် ပုံအော၍ ရင်းနှီးမြှုပ်နှံနေခြင်းသည် သမ္မတ ဟူကျင်းတောင်နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့၏ စိတ်ကူးဖြစ်သည်။ သူတို့က ညီတူညီမျှ ဖွံ့ဖြိုးမှုကို
လိုလား သောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့အစိုးရ အသုံးစရိတ် မြင့်မားမှုကြောင့် ဘတ်ဂျက်တွင် လိုငွေ ပြလာသည်။ တရုတ်နိုင်ငံသည် ကုန်သွယ်ရေးတွင် ဘီလီယံပေါင်းများစွာ ပိုငွေပြနေသောကြောင့် မီဒီယာ သမားများက ဘတ်ဂျက်လိုငွေပြမှုကို သတိမထားမိကြချေ။ ယခုအချိန်တွင် ဘတ်ဂျက်လိုငွေပြမှုသည် ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိနေပြီဟု သိရသည်။ ထိုရာခိုင်နှုန်းသည် အနောက်နိုင်ငံများနှင့် နှိုင်းစာလျှင် နည်းပါးသေး သော်လည်း၊ တရုတ်နိုင်ငံရေးသမားများက စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ၌ ၀န်ကြီးချုပ်ဝမ်ကျားပေါင်က ...
“တရုတ်ရဲ့ စီးပွားရေးအခြေအနေကို အလွန်အကျွံ မချီးကျူး ကြပါနဲ့ဦး။ ကျွန်တော်တို့ စီးပွားရေးတိုးတက်မှုက တည်ငြိမ်မှု၊ မျှတမှု၊ စည်းလုံးမှု မရှိသေးပါဘူး။ ရှေ့လျှောက် ကြိုးစားဖို့လိုနေပါသေးသည်” ဟု ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေဆဲ
တရုတ်ခေါင်းဆောင်ပိုင်းက စီးပွားရေးနှိုးဆွအစီအစဉ်ထဲတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် ငွေထောက်ပံ့ပေးထားခြင်း မရှိပါ။ ထို့ကြောင့် ကျေးလက်နေပြည်သူများမှာ ဟိုက်ဝေး လမ်းမကျယ်ကြီးတွေ၊ ရှည်လျားတဲ့မြစ်ကူးတံတားတွေ၊ အမြန်မီးရထားလမ်းတွေကို သုံးစွဲခွင့်ရရှိနေကြပေမဲ့ ကျန်းမာရေးစောက်ရှောက်မှု ကောင်းကောင်း မရရှိကြသေးပါ။ စာသင်ကျောင်းများမှာလည်း လုံလောက်တဲ့အဆောက်အအုံများမရရှိသေး ပါ။ ရေမြောင်းစနစ် ကောင်းမွန်စွာမရှိသေးသည့်အတွက် နှစ်စဉ်ရေကြီးမှုများ ဖြစ်ပွားနေပါသည်။ တရုတ်နိုင်ငံ၏ ကျေးရွာအတော်များများရှိ ရွာလမ်းမများတွင် ပလက်ဖောင်းများ ကောင်းကောင်း မရှိသေးသည့်အတွက် လမ်းဘေးပလက်ဖောင်း ဆောက်လုပ်ရေးများ ဆောင်ရွက်ပေးရန် ကျေးရွာကောင်စီ လူကြီးများက တောင်းဆိုလျက်ရှိ ပါသည်။
တရုတ်ပြည်သူတို့၏ တစ်ဦးချင်း ပျမ်းမျှဝင်ငွေမှာ (China’s per capita GDP) ဒေါ်လာ ၃၀၀၀ ကျော်ခန့်ရှိသေးပြီး ကျေးလက် ပြည်သူများမှာ ပျမ်းမျှပမာဏထက် ပို၍ဆင်းရဲသေးသည်။ ထို့ကြောင့် ကျေးလက် ဒေသတွင် ဖောက်လုပ်ထားသောအဝေးပြေးကားလမ်းမကြီးများပေါ်တွင် ယာဉ်သွားလာမှု များများစားစား မတွေ့ရပါ။ ချောင်ကောင်းစီးပွားရေးကျောင်းမှ စီးပွားရေးပါမောက္ခ မင်းဟောင်က “ကျေးလက်နေပြည်သူတို့မှာ အစိုးရဖောက်လုပ်ထားသော လမ်းမကြီးများကို ပြည့်ပြည့်၀၀ အသုံးချနိုင်ခြင်းမရှိသေးဘူး” ဟု ဝေဖန်ပြောဆိုပါ သည်။ ထို့ကြောင့် တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးကို အကျိုးပြန်ပြုဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမည့်သဘောရှိပါသည်။
အရင်းရှင်စနစ်ထွန်းကားပြီဆိုတာ ဟုတ်ရဲ့လား
ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က “ကြောင်ဖြူသလား၊ မဲသလား အရေးမကြီးပါ၊ ကြွက်ခုတ်တတ်ဖို့သာ လိုရင်းပဲ” ဟူသည့် ကြွေးကြော်သံဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို အစဉ်အလာ ဆိုရှယ်လစ်စနစ်မှ ပြောင်းလဲပစ်ခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းပေါင်း သန်း ၂၀ ခန့်ရှိပြီး၊ ၂၀၀၈ ခုနှစ်တွင် သန်း လေးဆယ်ခန့်ထိရှိခဲ့သည်။ သို့သော်ပုဂ္ဂလိက လုပ်ငန်းရှင်များပါ အစိုးရပိုင်လုပ်ငန်းကြီးများနှင့် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေရှိလာသည်။ အစိုးရပိုင်လုပ်ငန်းများမှာ အစိုးရဘဏ်ကြီးများမှတစ်ဆင့် ချေးငွေအမြောက်အမြား ကို အတိုးနှုန်းသုံးရာခိုင်နှုန်းဖြင့်သာ အလွယ်တကူရရှိလာကြသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များက ငွေချေးလျှင် အတိုးနှုန်း မြင့်မြင့်မားမား ပေးရပြီး၊ အလွယ်တကူငွေချေး၍မရနိုင်ဘဲ အပေါင်ပစ္စည်းတစ်ခုခုထားနိုင်မှ ရရှိလေ့ရှိသည်။
နှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဖြစ်သော စီးပွားရေးတံခါးဖွင့်မှုသည် ပုဂ္ဂလိက ကဏ္ဍကို အထိုက်အလျောက် ဖွံ့ဖြိုးစေခဲ့သည်။ သို့သော် အစိုးရပိုင်လုပ်ငန်းကြီးများ (State-owned Enterprise) ကတော့ ၅၀ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ခဲ့သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များကတော့ အရင်းအနှီးရှာဖွေရခက်ခဲမှုကြောင့် ဆုံးရှုံးနစ်နာမှုများ စွာရှိခဲ့သည်။
နိုင်ငံ၏ သော့ချက်ကျသော လုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေး၊ အင်တာနက်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ စသည်တို့တွင် ပုဂ္ဂလိကပိုင်းကို ၀င်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။ အိမ်ခြံမြေဈေးကွက်၏ သုံးပုံနှစ်ပုံခန့်ကို အစိုးရပိုင်ကုမ္ပဏီများက ချုပ်ကိုင်ထားပြီး၊ စတော့ဈေးကွက်များတွင် လည်း ထိုကုမ္ပဏီ၏ စတော့များက ၇၀ ရာခိုင်နှုန်းခန့်ထိပါဝင်သည်။ စီးပွားရေးကျဆင်းမှု ဂယက်နောက်ပိုင်းတွင် အခြေအနေသည် ပို၍ဆိုးရွားသွားသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ပုဂ္ဂလိက ကုမ္ပဏီများက ငွေပြတ် နေချိန်တွင် ထိုကုမ္ပဏီများက လုပ်ငန်းပိုတိုးချဲ့လာသောကြောင့် ဖြစ်သည်။
တရုတ်နိုင်ငံ ပို့ကုန်လုပ်ငန်း၏ လျှို့ဝှက်ချက်
ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်း ၂၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် တရုတ်၏ဂျီဒီပီကတော့ ရှစ်ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဖြစ်သည်။ ထိုအချက်က တရုတ်စီးပွားရေးသည် ပို့ကုန်လုပ်ငန်းကိုအဓိကအားကိုးရခြင်း မရှိကြောင်းသိနိုင်သည်။ တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် စီးပွားရေးတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ယခင်က ယူဆခဲ့ကြဖူးသည်။ ထိုအချက်က လွဲမှားနေတာ ဖြစ်နိုင်တယ်ဟု စီးပွားရေးပညာရှင်တစ်ဦးကပြောသည်။ ကမ္ဘာပေါ်တွင် ကွန်ပျူတာကီးဘုတ်မှအစ ဂျက်လေယာဉ် အင်ဂျင်များအထိ Made in China ဟူသော စာတန်းကို တွေ့မြင်နေရသည်။ တရုတ်နိုင်ငံမှ ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို ထောက်ပံ့ထားသည်ဟုပင် ထင်ချင်စရာရှိသည်။ သို့သော် တကယ့်အဖြစ်အပျက်မှာ ၂၁ ရာစုတွင်တွင် ကျယ်လာသော Offshoring လုပ်ငန်းကို တရုတ်ပြည်က အများဆုံးရရှိနေသောကြောင့် ဖြစ်သည်။ တကယ်တော့ တရုတ်တွင် လုပ်သည်ဟူသော ပစ္စည်းအများစုမှာ တရုတ်ပြည်တွင် အချောတပ်ဆင်ခြင်းသာ ဖြစ်သည်။ အမှန်တကယ်
ထုတ်လုပ်ခြင်းမဟုတ်ပါ။ ဥပမာ ၂၉၉ ဒေါ်လာတန် i pod တစ်လုံးကို လက်ကားဈေး ဒေါ်လာ ၁၅၀ ခန့်ဖြင့် ရောင်းချသည်။ သို့သော် တရုတ်အလုပ်သမားများ ရရှိသည်က ၇.၅ ဒေါ်လာမျှသာရှိသည်။ ကျန်သည့်ငွေ ၁၄၀ ဒေါ်လာကျော်ကို မူရင်းကုမ္ပဏီ Apple က ရရှိခြင်းဖြစ်သည်။ ထို့ကြောင့်Made in China စာတန်းပါ i pod တစ်လုံးကြောင့် တရုတ်စီးပွားးရေးကို ခုနစ်ဒေါ်လာကျော်သာ တက်စေခြင်းဖြစ်သည်။
ပြည်တွင်းစားသုံးမှုအခြေအနေ
တရုတ်နိုင်ငံတွင် လူလတ်တန်းစား ဦးရေများစွာ တိုးတက်လာသော်လည်း၊ ပြည်တွင်းစားသုံးမှုပမာဏ နည်းပါးသေးသည်။ တရုတ်ပြည်တွင်းစားသုံးမှု (Domestic Comsumption) က ဂျီဒီပီ၏ ၃၇ ရာခိုင်နှုန်းသာရှိပြီး၊ အခြားစီးပွားရေးအင်အားကြီးနိုင်ငံများနှင့် စာလျှင် အနည်းဆုံးရာခိုင်နှုန်းဖြစ်ပါသည်။ ထိုသို့ဖြစ်ရသည်မှာလည်း တရုတ်လူထုက ၀င်ငွေမြင့်တက်လာသည့်တိုင်အောင် စားသုံးဖို့ထက် စုဆောင်းမှုကို ပို၍ပြုလုပ်ကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် တရုတ်အစိုးရက ပြည်တွင်းစားသုံးမှု တိုးတက်လာစေရန်
ကြိုးစားဆောင်ရွက်နေခြင်းဖြစ် သည်။ လူလတ်တန်းစားများကိုငွေထုတ်ချေးရန် အစိုးရက ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ပေကျင်းနှင့် ရှန်ဟိုင်းရှိ တိုက်ခန်းများအ၀ယ်လိုက်လာခဲ့သည်။ အကယ်၍ အစိုးရကသာ ပြည်တွင်းစားသုံးမှုတက်အောင် လုပ်နိုင်ပါက ပို့ကုန်လုပ်ငန်းမပါဘဲ၊ ဂျီဒီပီ ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ မြင့်တက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
(Newsweek ကနေ ကျော်သူဟန် ဘာသာပြန်ပြီး Ecovision Journal မှာ ထည့်သွင်းထားတဲ့ ဆောင်းပါးပါ
ပြန်လည်ကူးယူဖော်ပြပါတယ်
No comments:
Post a Comment