18 October 2011

ရခိုင်မြောက်ပိုင်းသို့ မုန်တိုင်းငယ် ဝင်နိုင်ဟု သတိပေး

 ဘင်္ဂလား ပင်လယ်အော်တွင် တနာရီ မိုင်၅ဝနှုန်းရှိ မုန်တိုင်းငယ် ဖြစ်ပေါ်နေပြီး  မြန်မာ
နိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့  ၄၈ နာရီအတွင်း ဝင်ရောက်လာနိုင်ဖွယ်ရှိသည်ဟု မိုးဇလပညာရှင် ဦးထွန်းလွင် က ခန့်မှန်းထားသည်။

မုန်တိုင်းဆက်လက် အားကောင်းလာပါက ရခိုင်ပြည်နယ် မြောက်ပိုင်းစွန်း ကမ်းရိုးတန်းရှိ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင် မောင်တောမြို့များတွင် တိုက်ခတ်နိုင်ပြီး ရေလုပ်သားများ ပင်လယ်ပြင်မထွက်သင့်ဟု အကြံပြု ထားသည်။

“မိုင် ၈ဝ လောက်အထိက အပျက်အစီးလောက်ပဲရှိမယ်၊ ကုန်းမှာနေလို့ရသေးတယ်။  မုန်တိုင်းမှာ သေတာက မုန်တိုင်းဒီရေတက်လို့ပဲ။ အဲဒီထက် ကျော်လာရင် မုန်တိုင်းဒီရေ တက်လာနိုင်တော့ ကုန်းပေါ်မှာတင် နေလို့ မရ
တော့ဘူး ဘေးလွတ်ရာကို အမြင့်တွေကို ပြောင်းဖို့ ဒါတချက်သိထားဖို့လိုမယ်။” ဟု ဦးထွန်းလွင်က ပြောသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် မုန်တိုင်းများ၏ ၅ဝ ရာခိုင်နှုန်းမှာ အောက်တိုဘာလအတွင်း ဖြစ်ပေါ်တတ်သဖြင့် ယခုတကြိမ်တွင်လည်း သတိထားရန်လည်း  ဒေါက်တာထွန်းလွင်က “အောက်တိုဘာရောက်ရင် သတိထားဖို့ ကျနော် တနှစ်လုံး အာပေါက်အောင် ပြောလာတာက စိုးရိမ်စရာရှိလို့ပါ။” ဟု ပြောသည်။

ဘင်္ဂလားပင်အော်တွင် တနလာင်္နေ့မှ စတင်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခဲ့ရာမှ ယနေ့ နေ့လည်တွင် မုန်တိုင်း ငယ် အဆင့်သို့ ပြောင်းလဲသွားပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်တောင်ဘက် ၃၂၅ မိုင်သို့ ဗဟိုပြုနေခြင်း ဖြစ်
သည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပြင်တွင်လည်း မိုးသက်လေပြင်းကြရောက်နိုင်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၄ဝ မှ ၅ဝ အထိရှိမည်ဟု မိုးဇလဌာနမှ အရာရှိတဦးက မဇ္ဈိမကို ဖြေကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှု သတိပေးချက်လည်း ထုတ်ပြန်ထားသည်ဟုဆိုသည်။

ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့က  ရခိုင်ကမ်းရိုးဒေသသို့ ဝင်ရောက်ခဲ့သည့် ဂီရီ ဆိုင်ကလုန်း မုန်တိုင်း
ကြောင့် လူ ၄၆ ဦးသေဆုံးပြီး လူနှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ကုလအဖွဲ့များ၏ စာရင်းများတွင် ဖော်ပြခဲ့ သည်။

http://www.mizzimaburmese.com

No comments:

Post a Comment