22 October 2011

ရေအောက်အင်တာနက်လိုင်း ယာယီပြတ်တောက်

အောက်တိုဘာလ ၁၇ရက်နေ့မှ စတင်၍ ဖြစ်ပေါ်ခဲ့သော ရေအောက်အင်တာနက်လိုင်း ယာယီပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်း နယ်ပယ်တွင်သာမက နယ်ပယ်အသီးသီးတွင် အခက်အခဲဖြင့်ရင်ဆိုင်လာရကြောင်း နှင့် အခြားတစ်ဖက်တွင်လည်း အင်တာနက်ကုန်းတွင်း ဆက်ကြောင်းလိုင်းများကို အဆင့်မြှင့်တင်ရန် အမြန်ဆုံး လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရပါသည်။
လုပ်ငန်းတိုင်းအင်တာနက်နှင့်မကင်းနိုင် 

အောက်တိုဘာလ ၁၇ရက်နေ့ မှစတင်ဖြစ်ပေါ်ခဲ့သည့် အင်တာနက်လိုင်း ယာယီပြတ်တောက်မှုမှာ ငါးရက်ကြာမြင့်လာချိန်အထိ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိမလာခဲ့သေးဘဲ ပိုမိုဆိုးဝါးသည့် အနေအထားသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် အင်တာနက် သုံးစွဲသူအရေအတွက် တိုးပွားလာသည်နှင့်အမျှ လုပ်ငန်းနယ်ပယ်အသီးသီးမှာ အင်တာနက်နှင့်မကင်းနိုင်သည့် အနေအထား ဖြစ်လာသည့်အတွက် အခက်အခဲတွေ့လာရခြင်းဖြစ်ကြောင်း သိရပါသည်။
"အင်တာနက်က လုပ်ငန်းတိုင်း နဲ့ မကင်းနိုင်တော့ဘူး။ အခုလို အင်တာနက် ယာယီပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေမှာ ဆုံးရှုံးမှုဘယ်လောက်ရှိတယ်ဆိုတဲ့ အတိုင်းအတာပမာဏကို အတိအကျမပြောနိုင်သေးပေမယ့် အခက်အခဲကတော့ ကြုံလာရတယ်။ လုပ်ငန်းကိစ္စတွေအတွက် ချိတ်ဆက်တာတွေကအစ အရေးကြီးတဲ့ စာချုပ်စာတမ်းကိစ္စတွေမှာ အခက်အခဲရှိလာတယ်" ဟု စင်ကာပူအခြေစိုက် Kelvin Cha ဥပဒေအကျိုးဆောင်လုပ်ငန်း၏ ရန်ကုန်ရုံးတာဝန်ခံ ဦးသန်းမောင်က ပြောပြပါသည်။
"ထင်သာမြင်သာရှိနေတဲ့ အခက်ကတော့ လေယာဉ်လက်မှတ်ရောင်းတဲ့ ကုမ္ပဏီတွေ ဖြစ်နေကြတာပါ။ e-Ticket စနစ်ကို အသုံးပြုသူတွေအကုန်လုံး အချိန်မီမရကြတော့တာပါပဲ။ ဆုံးရှုံးတာတွေကို မတွက်ချက်သေးလို့သာ ဂဏန်းတစ်ခု ထွက်မလာသေးတာပါ။ ဆုံးရှုံးမှုတွေရှိနေမှာတော့ သေချာပါတယ်"ဟု Myanmars.net မှ မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြောပါသည်။
အင်တာနက်ဆက်ကြောင်း လေးလိုင်း 

မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက်ဆက်ကြောင်း လိုင်းလေးလိုင်းရှိပြီး အဆိုပါ အင်တာနက် ဆက်ကြောင်းလိုင်းများမှာ SEA-ME-WE 3 ရေအောက်ဆက်ကြောင်းလိုင်းနှင့် အိန္ဒိယ၊ တရုတ် နှင့်ထိုင်းနိုင်ငံတို့ဖြင့် ချိတ်ဆက်ထားသော ကုန်းတွင်းဆက်ကြောင်းလိုင်း တို့ဖြစ်ကြပါသည်။
SEA-ME-WE 3 ရေအောက်ဆက်ကြောင်းလိုင်းသည် နိုင်ငံပေါင်း ၃၄နိုင်ငံကို ချိတ်ဆက်ထားသော နိုင်ငံတကာ အင်တာနက်ဆက်ကြောင်းလိုင်းဖြစ်ပြီး ကုန်းတွင်းဆက်ကြောင်းလိုင်း သုံးလိုင်းမှာမူ မြန်မာနိုင်ငံနှင့် သီးခြားဆက်သွယ်ထားသော အင်တာနက်ဆက်ကြောင်းလိုင်းများဖြစ်ကြပါသည်။     
ယခုဖြစ်ပေါ်နေသော အင်တာနက်ယာယီပြတ်တောက်မှုမှာ SEA-ME-WE 3 ရေအောက်ဆက်ကြောင်း လိုင်းချို့ယွင်းမှုကြောင့်ဖြစ်ပြီး အဆိုပါချို့ယွင်းမှုမှာ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။
SEA-ME-WE 3 ချို့ယွင်းတာကို ပြင်ဆင်ဖို့အတွက်သွားနေတဲ့ သဘောင်္ကို အောက်တိုဘာလ ၂၅ ရက်နေ့လောက်မှ ပျက်တဲ့နေရာကို ရောက်မယ်လို့သိရပါတယ်" ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊သတင်း အချက်အလက်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပြပါသည်။
SEA-ME-WE 3 နှင့် အင်တာနက် ယာယီပြတ်တောက်မှု မည်သို့သက်ဆိုင်သနည်း 

မြန်မာနိုင်ငံ၌ အင်တာနက်ယာယီပြတ်တောက်မှု ဖြစ်ပေါ်သည့်အချိန်အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများမှ SEA-ME-WE 3 ချို့ယွင်းမှု သို့မဟုတ် National Backbone ချို့ယွင်းမှုကြောင့်ဟု ပြောဆိုလေ့ရှိပါသည်။ သုံးစွဲသူများဘက်တွင်မှု မြန်မာနိုင်ငံ၌ အင်တာနက်ဆက်ကြောင်း လိုင်းလေးလိုင်းရှိနေပြီး ဆက်ကြောင်းလိုင်း တစ်လိုင်းပျက်ရုံဖြင့် အင်တာနက်ပြတ်တောက်မှု မဖြစ်နိုင်ကြောင်း ပြောဆိုမှုများရှိခဲ့ပါသည်။

SEA-ME-WE 3 ရေအောက်ဆက်ကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင်ရှိနေသော အင်တာနက်ဆက်ကြောင်းလိုင်း လေးလိုင်းအနက် အဓိက အကျဆုံးဆက်ကြောင်းလိုင်း ဖြစ်ပါသည်။ SEA-ME-WE 3 ရေအောက် ဆက်ကြောင်းလိုင်း ချို့ယွင်းမှုဖြစ်စေတာက  မြန်မာနိုင်ငံမှာ စုစုပေါင်း အင်တာနက်သုံးစွဲမှု Bandwidth ပမာဏမှာ 3.596Gps ၀န်းကျင် ရှိပါတယ်။ SEA-ME-WE 3 ကနေ 1.7 Gps ရပါတယ်။ကုန်းတွင်း ဆက်ကြောင်းတွေက 2 Gps လောက်ရပါ တယ်။ ဒါကြောင့်မို့ SEA-ME-WE 3 ချို့ယွင်းတာနဲ့ အင်တာနက် ယာယီပြတ်တောက်မှုတွေ ဖြစ်တာပါ" ဟု  အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပါသည်။
အင်တာနက်ဖြင့် အလုပ်လုပ်ကိုင်ရသည့် ခေတ်အခြေအနေသို့ ရောက်ရှိချိန်တွင် နိုင်ငံအများစုမှာ အင်တာနက်ဆက်ကြောင်းလိုင်း ချို့ယွင်းပါက အရေးပေါ်အသုံးပြုနိုင်မည့် အင်တာနက်ဆက်ကြောင်းလိုင်း
များ ထားရှိလေ့ရှိကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အင်တာနက်ဆက်ကြောင်းလိုင်း ချို့ယွင်းပါက အသုံးပြုနိုင်မည့် အရေးပေါ်အင်တာနက်ဆက်ကြောင်းလိုင်း ထားရှိရန်မှာမူ ယခုအချိန်မှ စီစဉ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။


သတင်းအချက်အလက်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးမူ ရေအောက်ဆက်ကြောင်းလိုင်းမှာ ဈေးအသက်သာဆုံးဖြစ်နေသည့်အတွက် ကုန်းတွင်းဆက်ကြောင်းလိုင်းထက် ပိုမိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။
သို့သော် မြန်မာနိုင်ငံ၌ အင်တာနက်လိုင်းချိတ်ဆက်သူတစ်ဦးမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀မှ ၁၅၀၀အကြား နှစ်စဉ်ကြေး ပေးသွင်းထားရသည့်အတွက် အင်တာနက်လိုင်းတပ်ဆင်သူ တစ်သိန်းရှိသည်ဆိုပါက အမေရိကန်ဒေါ်လာ သန်း ၁၀၀မှ သန်း ၁၅၀အကြားကို ၀င်ငွေရရှိနေမည်ဖြစ်ပါသည်။ နိုင်ငံတကာဆက်ကြောင်းလိုင်းမှ 3 Gps အင်တာနက် Bandwidth  အတွက် အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော်ခန့်သာ ကုန်ကျမည်ဖြစ်သည်။
source:weeklyeleven




No comments:

Post a Comment