14 October 2011

ဧရာဝတီမဂ္ဂဇင်းက ဦးဟန်ညောင်ရွှေကို ဆက်သွယ်မေးမြန်းထားချက်


အဓိကသဘောတရားက ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ တစုံတဦး (တပ်မတော်) က အခြေအနေကို ထိန်းထားနိုင်ရမယ်။ လမ်းပြမြေပုံ ၇ ချက်ဆိုတာ ခိုင်မာတဲ့အစိုးရတရပ်နဲ့ ဘေးနားကနေ မားမားရပ်ပေးမယ့် ခိုင်မာတဲ့တပ်မတော်တရပ် ဖြစ်လာဖို့ပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ ဇာတ်ညွှန်းထဲကနေ ဖယ်ပေးလိုက်ပြီး ယိုင်နဲ့နဲ့ပါတီ၊ အားပျော့တဲ့ သမ္မတနဲ့ ဒုသမ္မတ၊ ချိနဲ့နဲ့ ပါလီမန်နဲ့ ချိနဲ့နဲ့တပ်မတော်ကို အာဏာလွှဲပေးလိုက်တယ်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ သမ္မတ ဦးသိန်းစိန်ကလည်း ဒီအခြေအနေကို ဆက်အဖြစ်မခံနိုင်ဘူး။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ ထိန်းချုပ်ဖို့ သူကြိုးစားခဲ့တယ်။ အခုကျနော်တို့ မြင်နေကြားနေရတဲ့ သဘောထား ကွဲလွဲချက်တွေဆိုတာ အတွေးအခေါ်ပိုင်းအရ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးအရ ဖြစ်နေတာ။ ဘာကြောင့်လဲဆိုတော့ တချို့တွေက ဦးသိန်းစိန်ကို ခေါင်းဆောင်နေရာပေးတာ မကြိုက်ကြဘူး။ သူတို့ကိုယ်တိုင် ခေါင်းဆောင်ဖြစ်ချင်နေတာ။
ခိုင်မာတဲ့ အစိုးရတရပ်အနေနဲ့ ထိန်းချုပ်ဖို့အားထုတ်တာ လွန်တဲ့ကိစ္စတော့မဟုတ်ဘူး။ အမေရိကန်လို ဒီမိုကရေစီ အစိုးရများကိုယ်တိုင် အရာရာအားလုံးကို ထိန်းထားချင်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် မင်းမဲ့စရိုက် ဖြစ်ကုန်မှာပေါ့။ ဆိုတော့ မေးရမှာက ဘယ်သူကို ထိန်းချုပ်ခွင့် ဘယ်လိုပေးမလဲနဲ့ အဲဒီထိန်းချုပ်ခွင့်ကို ဘယ်လိုမျိုး လက်တွေ့ကျင့်သုံးမလဲ ဆိုတာပဲ။ အဲဒီ ထိန်းချုပ်ခွင့်ရှိသူကို လူထုဆန္ဒ၊ တရားဥပဒေစိုးမိုးမှု၊ စည်းရုံးဆွဲဆောင်မှုစတဲ့ လုပ်ငန်းစဉ်တွေကနေ ယူမယ်ဆိုရင်တော့ လုံးဝဥဿုံလက်ခံရမှာပဲ။ ဒါပေမယ့် အဲဒါကို လက်နက်နဲ့ လုပ်ယူမယ်ဆိုတော့ လက်ခံနိုင်စရာမရှိဘူး။ ဒါ့ကြောင့် တချို့တွေက ဦးသိန်းစိန်ရဲ့ တရားဝင်မှုနဲ့ပတ်သက်ပြီး မွေးခွန်းထုတ်နေကြတယ်။ အခုသူလုပ်နေတဲ့ နည်းလမ်းတွေအရဆိုရင် တော်တော်လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မတူတဲ့ တခြားခြားနားချက်က ဘာလဲဆိုတော့ ယနေ့ခေတ်ကာလမှာ မြန်မာနိုင်ငံဟာ တိုင်းပြည်တခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ဆိုရင် အပြောင်းအလဲတွေ လုပ်ဖို့လိုတယ်လို့ ဦးသိန်းစိန်က မြင်ပုံရတယ်။ သူကိုယ်တိုင်က လွတ်လပ်မျှတသူ လစ်ဘရယ်သမားတော့ မဟုတ်ဘူး။ ဒါပေမယ့် အခြေအနေတခုလုံးကို ထိန်းထားနိုင်တဲ့ အစိုးရမျိုး၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား (တခြားတိုင်းပြည်များ၊ စီးပွားရေးလုပ်ငန်းကြီးများနဲ့ ယှဉ်၍) ကို ကာကွယ်နိုင်တဲ့ အစိုးရမျိုး သူ့အစိုးရကို ဖြစ်စေချင်တယ်။
သူ့အပြောင်းအလဲတွေ အောင်မြင်မှာလား။ ဒီအတွက်တော့ အဖြေမရှိသေးပါဘူး။ သူ့ရန်ဖက်တွေက သူ့ကို အာဏာကနေ ဖယ်လိုက်နိုင်တယ်ဆိုရင်၊ ပြည်သူတွေရဲ့ဒုက္ခသုက္ခတွေကို သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကနေ ဖယ်ရှားပစ်နိုင်ပါတယ်လို့ သူ့အနေနဲ့ ပြည်သူတွေကို နားမချနိုင်ဘူးဆိုရင်၊ တိုင်းရင်းသားတွေနဲ့ သူ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးဆိုရင်၊ အစိုးရက သူ့ရဲ့ ကတိတွေကို အကောင်အထည် မဖော်ပေးနိုင်ဘူးဆိုရင်၊ နိုင်ငံတကာအသိုင်းအ၀န်းက သူ့ရဲ့အားထုတ်ချက်တွေကို လက်မခံဘဲ ဖိအားတွေ ဆက်ပေးနေမယ်ဆိုရင် စသဖြင့် စသဖြင့်ပေါ့၊ အဲဒါဆိုရင်တော့ သူကျဆုံးမှာပဲ။
ကျနော်တို့ကိုယ်ကျနော်တို့ မေးရမယ့် မေးခွန်းက တခြားအစားထိုးစရာ ရှိသလား၊ အကယ်၍ သူ မအောင်မြင်ခဲ့ဘူးဆိုရင် ဒီမိုကရေစီအရေးအတွက် ပိုကောင်းလာမှာလား၊ သူ့နေရာမှာ ဘယ်သူနဲ့၊ ဒါမှမဟုတ် ဘာနဲ့ အစားထိုးမလဲ။ ပိုပြီး ပွင့်လင်းတဲ့ လစ်ဘရယ်ဆန်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရ ဖြစ်မလာမှာတော့ ကျိန်းသေတယ်။ အဖြစ်နိုင်ဆုံး အခြေအနေက တပ်မတော်က အာဏာသိမ်းလိမ့်မယ်။ ဦးသိန်းစိန်ရဲ့ ကျဆုံးခန်းကို ကြည့်ပြီး နောင်တက်လာမယ့် စစ်အစိုးရက ပိုပြီးတော့ ရှေးရိုးဆန်မယ်၊ ပိုပြီးဖိနှိပ်မယ်၊ လစ်ဘရယ် မဖြစ်တော့ဘူး။
 နှစ်ပေါင်း ၅၀ ကျော်လောက် ကျနော်တို့ မျက်နှာလွဲခဲပစ်လုပ်ထားတဲ့၊ ပိုဆိုးလာနေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ကျနော်ထင်တာကတော့ အစိုးရအနေနဲ့ ကတိအသစ်တွေ ထပ်ပေးနေမယ့်အစား ပြုပြင်ပြောင်းလဲရေးအတွက် ပေးပြီးသားကတိတွေကိုပဲ အကောင်အထည်ဖော်ဖို့ ပိုအရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲက ဘာလဲဆိုတော့ အစိုးရမှာ အကောင်အထည်ဖော်ဖို့ လုပ်နိုင်စွမ်းအား မရှိနိုင်တာပဲ။ အစိုးရလုပ်နိုင်တာထက် ပိုပြီး မျှော်မှန်းလိုက်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေက ပိုပြီးတော့ လက်တွေ့နဲ့ ကင်းကွာသွားနိုင်ပါတယ်။  တချို့လုံခြုံရေးဆိုင်ရာ ဥပဒေတွေ ဖျက်သိမ်းပစ်တာမျိုး၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတာမျိုး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာမျိုး၊ ပြည်ပက အတိုက်အခံတွေ ပြည်တွင်းပြန်လာနိုင်အောင် လုပ်ထုံးလုပ်နည်းတချို့ ချပေးတာမျိုး၊ စာပေစိစစ်ရေး ဥပဒေတွေကို ဖျက်သိမ်းပေးတာမျိုး၊  သတင်းထောက်တွေအတွက် လွတ်လပ်ခွင့် ပိုပေးတာမျိုးအပြင် နိုင်ငံခြားသတင်းထောက်တွေကို ၀င်ခွင့်ပြုတာမျိုးတွေက ရှိနေပြီးသား ဗျူရိုကရေစီကို ထပ်ပြီး အလုပ်မရှုပ်စေတဲ့ ပြုလွယ်ပြင်လွယ်တဲ့ အပြောင်းအလဲတွေပါ။

မစ်ဆုံရေကာတာကိစ္စက ကချင်ပြည်သူတွေတင်မကဘဲ မြန်မာတမျိုးသားလုံးနဲ့ပါ သက်ဆိုင်တယ်။ ဒီလိုကိစ္စမျိုးတွေကနေ အမျိုးသားညီညွတ်ရေးကို တကယ်တမ်း တည်ဆောက်နိုင်တယ်။ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ကျနော့်အနေနဲ့ ကြိုဆိုပါတယ်။ တရုတ်က ၀င်ရောက်စွက်ဖက်မယ်လို့ ကျနော်တို့ မထင်ပါဘူး။ တရုတ်က သူရဲ့ပုဂ္ဂလိက ကုမ္ပဏီတခု ပိုက်ဆံ ဆုံးရှုံးလို့ မပျော်တာမဟုတ်ပါဘူး၊ အနိုင်ကျင့်စရာ တိုင်းပြည်တခု ဆုံးရှုံးသွားရတော့မှာကြောင့် စိတ်မချမ်းမသာ ဖြစ်နေပုံရပါတယ်။
ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ကတော့ သမ္မကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ဆက်လက်ရှင်သန်စေချင်တယ်၊ ကာကွယ်ချင်တယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးဆိုတာကို သူ့အနေနဲ့  ရှောင်လွှဲလို့မရပါဘူး။ ရှေ့ဆက်တိုးဖို့အတွက် တခြားနည်းလမ်းလည်း မရှိပါဘူး။ လူတော်တော်များများက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အဆိုးမြင်နေကြတုန်းပဲဗျ။ ဒါပေမယ့် ဦးသိန်းစိန်ကတော့ စွန့်စားမှုအများကြီးယူပြီး လူတိုင်းထင်ထားတာထက် ပိုပြီးလုပ်ပြနေတယ်။ အခုအချိန်မှာ ရှိနေတဲ့အန္တရာယ်က ဘာလဲဆိုတော့ လက်ရှိအနေအထားကို ဆက်ထိန်းထားလိုပြီး အပြောင်းအလဲကို မလိုလားတဲ့ ပြည်တွင်း၊ ပြည်ပ လူတွေဆီက ရလာနိုင်တဲ့ လက်တုန့်ပြန်ချက်တွေပဲ။
 ဦးဟန်ညောင်ဝေ
Source: Irrawaddy

No comments:

Post a Comment