25 October 2011

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန် မြန်မာနိုင်ငံမှ ပေါ်ဆန်းဆန် ဆွတ်ခူးရရှိ



ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ World Rice Conference 2011 တွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သော ပေါ်ဆန်း ဆန်ဖြူသည် ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန် အမျိုးအစား World Best Rice 2011  အဖြစ်ရွေးချယ်၍ ဆုချီးမြှင့်ခြင်းခံရကြောင်း သိရှိရသည်။ နိုင်ငံတကာတွင် မြန်မာ့ပုလဲဆန် Myanmar Pearl Rice  ဟု ထင်ရှားသော ပေါ်ဆန်းဆန်သည် မြန်မာနိုင်ငံတွင်သာ စိုက်ပျိုးထုတ်လုပ်သော မြန်မာ့မျိုးရင်းဆန်ဖြူဖြစ်သည်။ အနံ့အရသာ ထူးခြားကောင်းမွန်ပြီး ၂၀၁၀ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသော ကမ္ဘာ့ဆန်စပါးညီလာခံတွင် အကောင်းဆုံးဆန် တတိယဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်တွင် ပထမဆုကို ရရှိခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် အမှတ်အများဆုံး ၁၅ မှတ်ပေးထားရာ ပေါ်ဆန်းဆန်သည် ၁၄ မှတ်ရရှိပြီး ထိုင်းနိုင်ငံ၏နာမည်ကြီး Jasmine Rice ထက် သုည ဒသမ ၂၅ အမှတ်သာလွန်ကာ ပထမဆု ဆွတ်ခူးရရှိခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံသို့ မြန်မာနိုင်ငံဆန်စပါးအသင်းမှ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦး၊ အသင်းဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဆန်ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာ့ဆန်ဈေးကွက် တိုးမြှင့်ရရှိနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးမူဝါဒများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များ၊ ခေတ်မီဆန်စက်ကြီးများနှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်သော စိုက်ခင်းများကို သွားရောက်လေ့လာခဲ့ကြသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံရှိ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ Vietnam Food Authority အပါအ၀င် ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။

Source: TheMirror

             Planet Myanmar

No comments:

Post a Comment