23 October 2011

ရန်ကုန်မြို့တွင်ယာဉ်ရပ်နားစခန်း အသစ်များ တိုးချဲ့ရန် စီစဉ်



                           စင်ကာပုနိုင်ငံရှိယာဉ်ရပ်နားရာအဆောက်အအုံတစ်ခု  
                          photo: shwe kawlin


ရန်ကုန်မြို့တွင်း ဖြစ်ပေါ်လျက်ရှိသော ယာဉ်ကြောပိတ်ဆို့ မှုများ အတွက် ယာဉ်ရပ်နားစခန်း အသစ်များ တိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ရန်ကုန်မြို့၌ နှစ်စဉ်တိုးပွားလာသော ယာဉ်အစီးရေနှင့်အတူ မြို့တွင်းဧရိယာများတွင် တိုက်တာ အဆောက်အအုံ များပြားလာကာ ယာဉ်အသုံးပြုမှု များလာခြင်းကြောင့် ယာဉ်ရပ်နားရန် နေရာများ အခက်အခဲဖြစ်လာပြီး ယာဉ်ရပ်နားစခန်းများ တိုးချဲ့ရန် လိုအပ်လာကြောင်း သိရသည်။
“ရန်ကုန်မြို့မှာ ယာဉ်အစီးရေ က တစ်နှစ်ထက်တစ်နှစ် များလာတယ်။ ဒါကြောင့် မြို့တွင်းဧရိယာ၊ မြို့တွင်းနဲ့ ဆက်စပ်ဧရိယာတွေမှာ ယာဉ်ကြောကြပ်တည်းမှုတွေ ဖြစ်နေတယ်။ ဒါတွေကို နည်းပါးသွား အောင်လုပ်ဖို့သင့်တယ်။ လုပ်ဖို့လည်း လိုအပ်တယ်။ မြို့တွင်း ခြောက်မြို့နယ်ထဲမှာ အထပ်မြင့် တိုက်တွေများ လာတယ်။ တိုက်တစ်ခန်းကို ကားတစ်စီးလောက် ရှိကြတယ်။ တိုက်ခန်း ကစုစုပေါင်း ၁၆ ခန်းရှိတော့ ကား ၁၆ စီးရှိတယ်။ ဒါပေမဲ့ တိုက်အောက်မှာ ကား ၁၆ စီးစာရပ်ဖို့ အတွက် နေရာမရှိဘူး။ ဒါကြောင့် တခြားနေရာတွေမှာ သွားရပ်ရတယ်။ အဲဒီအတွက် ယာဉ်ကြောကြပ်မှုတွေ ရှိတယ်။ ဒါကိုဖြေရှင်းဖို့ အတွက်က ယာဉ်ရပ်နားစခန်း အသစ်ကြီးတွေ ပေါ်ထွက်လာဖို့၊ လမ်းတွေချဲ့ဖို့၊ တချို့ လမ်းမကြီးတွေက ကျဉ်းနေတယ်။ ဒါကြောင့် အဲဒီလမ်းမကြီးတွေကို ကားအများကြီး သွားလို့ရအောင် တိုးချဲ့မှုတွေ လုပ်ဖို့လိုတယ်”ဟု မြို့ပြဆိုင်ရာ အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့၏ ယာဉ်ဝင်ထွက် သွားလာမှုများပြားသော အဓိကနေရာမှာ မြို့တွင်းဧရိယာဖြစ်ပြီး ဒုတိယ ယာဉ်ဝင်ထွက်သွားလာမှု များပြား သောနေရာများမှာမြို့တွင်းနှင့် ဆက်စပ်မြို့နယ်များဖြစ်သော စမ်းချောင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်များ ဖြစ်သည်ဟု သိရသည်။
မြို့တွင်းဧရိယာများတွင် ယာဉ်ရပ်နားစခန်းများ တိုးချဲ့ရန် စီစဉ်လျက် ရှိနေသော်လည်း အဆင်ပြေနိုင်သည့် နေရာမတွေ့ရှိသေးကြောင်း၊ လတ်တလောအနေဖြင့် မြို့တော်ခန်းမတစ်ဝိုက်နှင့် ဆူးလေးဘုရားအနီးရှိ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန ရှေ့တစ်ဝိုက် မြေနေရာများသာ ရှိကြောင်း သိရှိရသည်။
“ရန်ကုန်မြို့တွင်း ဧရိယာမှာ ယာဉ်ကြောကြပ်တည်းမှုတွေ အများဆုံးဖြစ်နေတဲ့အတွက် ယာဉ်ရပ်နား စခန်းတိုးချဲ့ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့တွင်းမှာ စခန်းတွေ ထပ်ချဲ့ဖို့ အတွက် နေရာမရှိဘူး ဖြစ်နေတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
source: Eleven Media ; Yoyarlay

No comments:

Post a Comment