29 October 2011

ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားဘဏ်လုပ်ငန်းများကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်

ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားဘဏ်လုပ်ငန်းများကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။
''ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဖွင့်မယ့်နေရာတွေ၊ ၀န်ထမ်းတွေကိုလည်း ပြင်ဆင်နေတယ်။ နိုင်ငံတကာကဘဏ်တွေနဲ့လည်း ချိတ်ဆက်နေပါတယ်။ ၂၀၁၂ နှစ်ဆန်းပိုင်းလောက်ကို ဖွင့်နိုင်ဖို့မှန်းထား ပါတယ်။ ပြင်ဆင်ဖို့လိုတာတွေကို ပြင်ဆင်ထားပြီး ဗဟိုဘဏ်က ခွင့်ပြုချက်ပေးတာနဲ့ ၀န်ဆောင်မှုပေးသွားမှာပါ''ဟု ၁၉၉၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိကဘဏ်တစ်ခုမှ ဒုတိယဥက္ကဋ္ဌတစ်ဦးက ပြောကြားပါသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှုလုပ်ကိုင်ရန် ပြင်ဆင်နေသော ပြည်တွင်းပုဂ္ဂလိကဘဏ်များအနေဖြင့် ၂၀၁၁ မကုန်ဆုံးမီ ပြည် တွင်းနိုင်ငံခြားငွေစာရင်းများ ဖွင့်ခွင့်ပြုခြင်း၊ စာရင်းလွှဲပြောင်းခြင်းတို့ကို စမ်းသပ် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း၊ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်၍ နိုင်ငံခြားကုန်သွယ်မှု ငွေပေးချေစနစ်များဖြစ်သော ငွေလွှဲစာတမ်း (Letter of Credit-LC)၊ ကြိုတင်လွှဲပို့ငွေစနစ် (Telegraph Transfer -TT) ၀န်ဆောင်မှု စသည်တို့ကို ပေးအပ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။
''နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးနိုင်ဖို့ နိုင်ငံတကာအသိအမှတ်ပြု စာရင်းအမှတ်လိုတယ်။ SWIFT Code (Standard Format of Bank  Identifier Codes) လို့ခေါ်ပါတယ်။  အဲဒါရဖို့ လျှောက်ထားချိန်က လေးလကျော် ငါးလ၀န်းကျင် လောက် ကြာပါတယ်။ ဒါကြောင့် ၂၀၁၂ နှစ်ဆန်းပိုင်းလောက်မှ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်မှာပါ'' ဟု နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ရန်ပြင်ဆင်နေသော ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
မြန်မာနိုင်ငံမှ SWIFT Code ရယူထားသော ဘဏ်လေးခုရှိပြီး SWIFT Code စာရင်းငါးခုရှိပြီး ဖြစ်ကြောင်း၊ နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်ရန် ပုဂ္ဂလိကဘဏ်ဟောင်းများအပြင် ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိကဘဏ်များကပါ ပြင်ဆင်လျှက်ရှိကြောင်း သတင်းရရှိသည်။  လက်ရှိ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်နေသော ဘဏ်များမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊  မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)၊ မြန်မာ့စီးပွားရေးဘဏ်(MEB)တို့ ဖြစ်ပါသည်။
source: Eleven Media

No comments:

Post a Comment